Wednesday, September 23, 2009

ရွှေဆံပင်တံတားနှင့် ပတ်သက်၍

ရွှေဆံပင်တံတားနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်း လျှောက်ထားချက်

(သို့) တာဝန်ရှိ ဆရာတော် တစ်ပါးနှင့် တွေ့ဆုံခြင်း

  • ရှေးဦးစွာ ဒီလို အကြံမျိုး ဖြစ်ပေါ်လာပုံကို ပြောပြလိုပါတယ် ဘုရား။
  • ဘယ်လိုပြောမလဲ ဒီလမ်းတံတား ဖြစ်မြောက်ဖို့ ဆိုပြီး ဆရာတော်တွေ ဦးဆောင်ပြီး လုပ်ငန်း စသင်နေတာတော့ တော်တော်ကြာပါပြီ။ ပြီးခဲ့တဲ့ နှစ်ကတော့ အမျိုးသမီးများရဲ့ လျှောက်ထားချက်အရ ဦးခေါင်းပေါ်က ဆံပင်တွေ ဖြတ်လှူပြီး ဒီလမ်းတံတား တည်ဆောက်ရေးမှာ ဆံပင်တွေ လှူချင်ကြပါ တယ်၊ ဒါကြောင့် အလှူခံပါလားဘုရား ဆိုပြီး လျှောက်ထားချက်အရ ဒီအကြံလေး မဆိုးဘူးဆိုပြီး ဆရာတော်တွေ အားလုံး တိုင်ပင်ပြီး ပထမဆုံး ကျေးရွာတွေကို ဆရာတော်တွေလိုက်ပြီး အလှူခံခဲ့ကြပါ တယ်။ နောက်တော့ တဖြည်းဖြည်းဆိုသလို မန္တလေး၊ ရန်ကုန်စတဲ့ မြို့ကြီးတွေအထိ ကူးစက်လာခဲ့ တယ်ပေါ့။ ဆိုချင်တာကတော့ အမျိုးသမီးများရဲ့ လျှောက်ထားချက်အရ သူတို့ဆန္ဒကို အကောင်းအ ထည်ဖော်ပေးခဲ့တာကနေ စတင်ပြီး ဒီအကြံမျိုး ဖြစ်ပေါ်လာတယ်လို့ ဆိုရမှာပေါ့။
  • အခု ဘယ်အတိုင်းအတာထိ ခရီးရောက်နေပြီလဲ ဘုရား။
  • ဘယ်အတိုင်းအတာထိလည်းဆိုတာတော့ ပြောရတာ တော်တော်လေးခက်ပါတယ်။ တော်တော်လေးပဲ ခရီးရောက်နေပြီလို့ ပြောရမှာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ လမ်းမိုင်အားဖြင့် ၁၆-မိုင်လောက်ရှိတယ်။ ဒီလမ်းမိုင် ၁၆-မိုင်ထဲမှာ တည်ဆောက်ရမယ့် တံတား အစင်းကလည်း ၁၇-စင်းထိရှိတယ်။ အခုတော့ ကျောက်ချောလမ်းအနေနဲ့ ၉-မိုင်လောက် ပြီးသွားပြီး။ တံတားအစင်းအားဖြင့်တော့ ၉-၁၀-စင်းအထိ ပြီး သွားပါပြီ။ ဒီအတိုင်းတာနဲ့ ပြောရမယ်ဆိုရင်တော့ ခရီးတစ်ဝက်ကျော်ကျော်လောက် ပြီးသွားပြီလို့ ဆိုရ မှာပေါ့။ ဒီပြီးသွားတဲ့ ၉-မိုင်လောက်ခရီးမှာတော့ နွေ၊ မိုး၊ ဆောင်း ရာသီဥတု သုံးမျိုးလုံး ဘယ်အချိန်ပဲ ဖြစ်ဖြစ် သွားလို့ ရပြီပေါ့လေ။ ဆိုတော့ ဆက်လုပ်ရမယ့် လမ်းမိုင်-၆မိုင်၊ တံတားအားဖြင့် ၈-စင်းကိုတော့ ဆက်လက် လုပ်ဆောင် သွားရဦးမယ်ပေါ့။ ဒီပြီးသွားခဲ့တဲ့ တံတားတွေထဲမှာတော့ အခု ပြောနေတဲ့ ရွှေဆံပင်တံတားကတော့ အခုမှ အကောင်အထည်ဖော်ဖို့ လုပ်နေပါသေးတယ်။ ဆိုတော့ လုပ်စရာတွေ ကတော့ အများကြီး ကျန်နေသေးပြီး ၊ ထိုက်သင့်တဲ့ အတိုင်းအတာ တစ်ခုထိတော့ ပြီးသွားပြီလို့ ဆိုရမှာ ပေါ့။
  • မန္တလေးမြို့က လှူခဲ့တဲ့ ငွေ၊ ဆံပင်တွေလည်း တော်တော်များတယ်လို့ သိရပါတယ်။ ဆိုတော့ မလောက်သေးပါဘူးလားဘုရား။
  • ဘယ်လိုပြောရမလဲ၊ ဟုတ်တယ် မန္တလေးက ဆံပင်ပိဿာချိန်အားဖြင့် ထောင်ချီပြီရခဲ့ပါတယ်။ အခု သူတို့ မန္တလေးအနေနဲ့ သီးသန့်ဆိုသလို တံတားနှစ်စင်းတောင်းထားတော့ အခု လုပ်ဆောင်နေတာ ပြီး ခါနီးပါပြီ။ ဒီတော့ ပြောစရာ တစ်ခုတော့ ရှိတယ်။ ရွှေဆံပင်တံတား ဆိုတာ အမှန်ကတော့ နာမည်ခံပါပဲ တကယ်ကတော့ ဒီလှူထားတဲ့ ဆံပင်၊ အလှူငွေတွေနဲ့ ဒီထဲကနေပဲ လုပ်နေရပါတယ်။ ဒါပေမယ့် အခု တည်ဆောက်မယ့် ရွှေဆံပင်တံတား နေရာကတော့ ခြောက်ရိုးကတော်တော်ကြီးနေတော့ ကုန်ကျငွေ လည်း တော်တော်များမယ်။ ဒါကြောင့် ဒါကိုပဲ ဦးစားပေးပြီး ရွှေဆံပင်တံတားလို့ အမည်တပ်ထားရသော် လည်း အမှန်ကတော့ အားလုံးလိုလိုကတော့ ရွှေဆံပင်တံတားတွေ ဖြစ်သွားမှာပါ။ ဒီထဲမှာတော့ သီးသန့်လှူထားတယ် တံတားအနည်းကျဉ်းလဲ ရှိပါတယ်။ ဒီတော့ ပြောချင်တာကတော့ ဆရာတော် တွေအနေနဲ့ကတော့ နောက်ဆိုရင် တဖြည်းဖြည်းဆိုသလို ဒီလမ်းတံတားများမှာ တံတားများ၊ ကျောက် ချောလမ်းအားလုံးပြီးသွားတာနဲ့ ဆက်လက်ပြီး ကတ္တရာလမ်းဖြစ်အောင် စွမ်းဆောင်ပြီးတော့ ဒီလမ်းကြီး ကိုပါ ရွှေဆံပင်လမ်းအထိ ပြုလုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။
  • လှူတဲ့အလှူရဲ့ အကျိုးတရားလေးလည်း ရှင်းပြပါဦးဘုရား။
  • အင်း၊ ပြောရရင်တော့ တော်တော်များမယ် မဟုတ်လား။ ဒီတော့ လိုရင်ကိုပဲ ပြောပြရရင်တော့ ဒါဟာ ဘုရားအလောင်း သူတော်ကောင်းတို့ လျှောက်သွားခဲ့တဲ့ လမ်းစဉ်တစ်ခုကို လိုက်တာလည်း ဖြစ်ပါတယ်။ ဒီတော့ ဘုရားအလောင်း သုမေဓာ ရှင်ရသေ့ဘ၀တုန်းက ကြားဖူးပြီးသား အဖြစ်အပျက် လေးတွေကို ကြည့်ပေါ့။ သူအနေနဲ့ တာဝန်ယူထားတဲ့ လမ်းနေရာလေး မပြီးဆုံးသေးတာနဲ့ ကြွတော်မူ လာတဲ့ ကဿပဘုရားရှင်နဲ့ တပည့်သာဝကတွေကို လဲလျောင်းပြီး၊ ခန္ဓာကိုယ်ကို တံတားအဖြစ်လှူခဲ့ တယ်မဟုတ်လား။ နောက်မာဃလုလင်တို့ သူတော်ကောင်း(၃၀)ကျော်တို့ဟာလည်း ထိုနည်းအတူ ဘယ်သူမှမတိုက်တွန်း၊ ဘာအခွင့်အထူးမှလည်း မမျှော်ကိုးဘဲ သူတော်ကောင်း စိတ်ဓာတ်တွေ ကိန်းဝပ် နေတော့ လမ်းပြင်၊ တံတားဆောက်စတဲ့ ကုသိုလ်မျိုးတွေကို အားသွန်ခွန်စိုက်ဆိုသလို ပြုလုပ်သွားခဲ့ တယ်။ နောက်တော့ အခု သိကြားမင်းဘ၀ကို ရောက်နေတဲ့ ဦးမာဃအဖြစ် အခုထိ ဗုဒ္ဓဘာသာဝင်တွေ ရဲ့ နှုလုံးထဲမှာ အတုယူ လေးစားရတဲ့ အဖြစ်ကို ရရှိခဲ့တယ်မဟုတ်လား။ နောက် စဉ်းစားကြည့်ဖို့က တော့ မိမိအမှန်တကယ် အမြတ်တနိုးထားပြီး လှူဒါန်းခဲ့တဲ့ ဆံပင်ကို ဖြတ်တောက်လှူဒါန်းတယ်ဆို တော့ ဒါဟာ ကိုယ်နဲ့ ဆက်စပ်နေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ဖြတ်တောက်လှူဒါန်းတယ်မဟုတ်လား ဒီတော့ ဘုရားအလောင်း သူတော်ကောင်းတို့ ပြုကျင့်ခဲ့တဲ့ စွန့်ခြင်းကြီး ငါးပါးထဲက အင်္ဂပရိစ္စာဂ ဆိုတဲ့ ပါရမီ သုံးပါးထဲကနေ ၊ ဒါနဥပပါရမီ မြောက်လှူဒါန်းတာ ဖြစ်တဲ့အတွက် ပါရမီဓာတ်ခံရှိတဲ့ သူတော်စဉ် အမျိုးသမီးအနေနဲ့ လှူဒါန်းခွင့်ရခြင်း ဖြစ်ပါတယ်။ ဒီတော့ အနှစ်သာရရှိတဲ့ အလုပ်တစ်ခုကို လိုအပ်တဲ့ ကွက်လပ်လေးတွေကို ဖြည့်စီးပေးတဲ့အနေနဲ့ လုပ်တာဖြစ်တဲ့အတွက် အလှူရဲ့အကျိုးတရားတွေကို တော့ ထုတ်ပြလို့လိုမယ်မထင်ပါဘူး။
  • ဒီလမ်းခရီး အခုလို လမ်းတံတားတွေ မပြုပြင်တုန်းက ဘယ်လို အခက်အခက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါသလဲ ဘုရား။
  • အခု ဒီလမ်းကြောက အဓိကအားဖြင့်တော့ အလောင်းတော်ကဿပဘုရားနဲ့ အမေရေယာဉ်နန်းရင်းသို့ သွားရာ ပင်မလမ်းခရီးကြီး ဖြစ်ပါတယ်။ အဓိကတော့ လည်ငေါက်-ချင်ပြစ် လမ်းအဖြစ် သတ်မှတ်ပြီး ဆောင်ရွက်နေတော့ ဒီလမ်းခရီးအနေနဲ့ ကျေးရွာပေါင်း(၅၀)ကျော်၊ လူဦးရေ(၅၀၀၀၀)ကျော်တို့ရဲ့ မှီခိုအားထားရာ လမ်းကြီးဖြစ်နေပါတယ်။ ဒီတော့ ဒီလမ်းကြီး ယိုယွင်းပျက်စီးနေတဲ့အတွက် နွေ၊ ဆောင်းမှာတော့ လမ်းကွင်းတွေကနေ ဖြစ်သလို မောင်းလို့ရပေမယ့်၊ မိုးတွင်းလို အခါမျိုးမှာတော့ ဒီလမ်းကြီးဟာ ဘယ်လိုမှ သွားမရအောင် ဖြစ်နေပါတယ်။ ဒီတော့ မိုးတွင်းလို အခါမျိုးမှာ ဖျားနာရင်တော့ စောင်တွေ၊ပုခက်တွေ၊ လှည်းတွေနဲ့ တဆင့် မြို့ ကိုတက်ပြီး ဆေးကုသမှုတွေ လုပ်တဲ့ အခါ လမ်းခရီးကို ခက်ခက်ခဲခဲ သွားခဲ့ကြရပါတယ်။ နောက်တော့လည်း အချိန်မကြာသင့်ဘဲ ကြာတော့ အချို့ဆိုရင် မသေသင့်ဘဲ သေခဲ့ကြရပါတယ်။ နောက်တစ်ခုကတော့ ကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့ကလည်း များသောအားဖြင့် အထက်တန်းကျောင်းသူ၊ ကျောင်းသားတွေဟာ မြို့ကိုတက်ပြီး စာသင်ကြရတယ်။ ဒီတော့ သူတို့အနေနဲ့လည်း ဒီလမ်းခရီးကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း သွားပြီး တက်ရောက်ကြရပါတယ်။ မြို့တက်ပြီး ကုန်ရောင်း၊ ကုန်ဝယ်သမားတွေအနေနဲ့လည်း သိတဲ့အတိုင်း မိုးတွင်းဆိုရင် နားနေရသလောက် အလုပ်အကိုင်တွေ ရှားပါးမှုတွေ ဖြစ်ကြရပါတယ်။ အဲဒီလို အခက်အ ခဲ ဒုက္ခပေါင်းစုံတွေ ခံစား၊ ရင်ဆိုင်နေကြရပါတယ်။ အခုတော့ ဆရာတော်တွေလည်း နေ့မအား၊ ညမအားဆိုသလို ဆောင်ရွက်နေကြတာ၊ တော်တော်လေး ခရီးရောက်နေတော့ ပြည်သူလူထုအနေနဲ့ လည်း အားရ၀မ်းသာ ဖြစ်ပြီး လုပ်အားပေးကြတာတွေလည်း တစ်ရွာပြီး တစ်ရွာဆိုသလို ဆက်တိုက် လုပ်နေကြရပါတယ်။
  • အရှင်ဘုရား ခုနကပြောတဲ့ လုပ်အားပေး ကိစ္စကို ရှင်းပါဦးဘုရား။ ဒီကိစ္စကလည်း သိတဲ့အတိုင်းဘုရား။
  • ဟာ ဒါက ဒီလိုရှိတယ် ဒကာရဲ့။ သူတို့ကို မလုပ်မနေရ ဆိုပြီး အတင်းအကျပ်ခိုင်းတာ မဟုတ်ဘူးလေ၊ သူတို့အနေနဲ့ကိုက လုပ်ချင်စိတ်ပြင်းထန်ကြပြီး ကုသိုလ်လိုချင်လို သက်သက်လာလုပ်ကြတာလေ။ သူတို့ကလည်း ကိုယ်သွားမယ့်လမ်းခရီးကို ဆရာတော်တွေတောင် ဦးဆောင်ပြီး လုပ်နေကြတယ်။ တို့ လည်း ကုသိုလ်ရအောင် သွားလုပ်ဦးမယ်ဆိုတဲ့ ကောင်းမွန်တဲ့ စိတ်ဆန္ဒတွေနဲ့ လုပ်ကြတာလေ။ ဒကာ ကြီးအနေနဲ့ မယုံရင် အားလုံးကို လာရောက် စုံစမ်းပြီး မေးမြန်းနိုင်ပါတယ်။
  • တပည့်တော်က နားရှင်းသွားရုံသက်သက်ပါဘုရား၊ အဲဒီလို မဟုတ်ပါဘူးဘုရား။
  • အင်း ဒကာပြောတာ နားလည်ပါတယ်။ သေချာကောင်း ရှင်းပြရမယ်ဆိုရင်တော့ ဥပမာ သူတို့ I-L-O မှာ ထမ်းဆောင်နေတဲ့ လူတွေကို ဒီလူတွေက တော်တော်ကောင်းတဲ့ လူတွေပဲ လူသားအကျိုးပြုလုပ်ငန်း တွေကို ထမ်းဆောင်နေလိုက်တာ ငါတော့ ဒီလူအတွက် ကြည်ညိုလေးစားလွန်းလို့ တစ်ခုခု လုပ်ပေးရ ရင်ကောင်းမှာပဲ သဘောမျိုးနဲ့ သူတို့အတွက် အခြားတစ်ယောက်က စေတနာ၊ သဒ္ဓါထက်သန်စွာနဲ့ သူ့ အလို အလျောက် လာလုပ်ပေးရင် ဒီလိုလူကို အဓမ္မလို့ သတ်မှတ်လို့ရမလား။ နောက်ပြီး လုပ်မယ့်လူ ကပဲ အတင်းအကျပ် လုပ်ပေးနေတာကို ကိုယ်ကတားမြစ်တော့ကော ကောင်းမှာလား။ တားမြစ်တယ်ပဲ ထားပါဦး။ ဒါကို လုပ်ပေးတဲ့ လူကလက်မခံဘဲ ဆက်လက်လုပ်သွားမယ်ဆိုရင်တော့ ဘယ်လိုလုပ်မလဲ၊ အဲဒီလို သဘောပါပဲ။ ဦးဇင်းတို့အနေနဲ့ကတော့ ဘယ်သူ့ကိုမှ အတင်းအကျပ် စေခိုင်းတာမျိုး အခုထိ မလုပ်ပါဘူး။ ဒါကြောင့် ဒါဟာ ဦးဇင်းတို့ ရွှေမြန်မာတွေရဲ့ ရှင်းလင်း ရိုးသား ဖြူစင်တဲ့ စိတ်ထားလို့ ဆိုရ မှာပေါ့။ အချို့ဆိုရင် ကိုယ်နဲ့လမ်းတံတားဟာ ဘာမှမဆိုင်တာတောင် တစ်ရွာလုံးလိုလို လာပြီး လုပ်အား ပေးတာမျိုး ရှိတယ်။ ဒီတော့လည်း ဒေသခံ ရွာသူ၊ ရွာသားတွေက သူတို့ကို အစား၊အသောက် မျိုးစုံနဲ့ ပြန်လည်ပြီး ဧည့်ခံကြတယ်လေ။ ဘယ်လောက်တောင် ချစ်စရာလောက်သလဲဆိုတာ ကြည့်ပေါ့။
  • ဒါနဲ့ အချိန်ကာလ ကကော ဘယ်လောက်ထိ ကြာဦးမလဲ ဘုရား။
  • အထက်ကပြောခဲ့သလို သွားဖြစ်ရုံအနေနဲ့ ကျောက်ချောလမ်းလောက်ကတော့ သိပ်မကြာတော့ပါဘူး၊ ဒါပေမယ့် ဒီလမ်းကြီးကို ရွှေဆံပင်လမ်းအနေနဲ့ ကမ္ပည်းတင်ချင်တယ်ဆိုရင်တော့ ကတ္တရာလမ်းအထိ လုပ်ဆောင်မယ်ဆိုရင်တော့ တော်တော်လေးကြာဦးမှာပါ။ ဒီလိုတင်နိုင်မယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ မရှိသေးတဲ့ အမျိုးထုကြီးရဲ့ ရွှေဆံပင်ကုသိုလ်ဟာ ကမ္ပည်းတင်နိုင်သွားလိမ့်မယ်လို့ ထင်ပါ တယ်။ ဒီလိုလည်း ရေးထိုးသွားနိုင်အောင်အထိ ဆရာတော်လေးလည်း ကိုယ့်ကျောင်းတွေမှာ အမြဲတန်း သီတင်းသုံးမနေကြဘဲ အလှည့်ကျရော၊ ပုံမှန်ဆရာတော် ငါးပါးဟာ တဲလေးထိုးပြီး လမ်းတံတား ကျောင်းလေး တစ်ခု ထိုးပြီးနေကြရင် အလုပ်တွေကို ကိုယ်တိုင်ပဲ ကြီးကြပ်ပြီး လုပ်ဆောင်နေကြပါတယ် ဒီတော့ တစ်နေ့မှာတော့ ဒီလမ်းကြီးဟာ ရွှေဆံပင်တံတားလောက် မဟုတ်တော့ဘဲ၊ ရွှေဆံပင်လမ်းအထိ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ နောက်ဆရာတော်တွေလည်း အခု တစ်ရွာဝင်၊ တစ်ရွာထွက် တရားဓမ္မဟောပြောပြီး ဆံပင်တွေ၊ အလှူငွေတွေကို အလှူခံပြီး လုပ်ဆောင်နေကြပါတယ်။ အခုဆိုရင် နာမည်ကြီး ဓမ္မကထိက ဆရာတော်တွေကလည်း အပင်ပန်းခံပြီး တစ်မြို့ပြီးတစ်မြို့၊ တစ်ရွာပြီး၊ တစ်ရွာဆိုသလို လှည့်လည်ပြီး ကိုယ်ကျိုးမဖက်ဘဲ အားသွန်ခွန်စိုက် လုပ် နေကြပါတယ်။ ဒါဟာ အခုနကပြောသလို ရွှေမြန်မာတွေရဲ့ ဖြူစင်သန့်ရှင်းတဲ့ သဒ္ဓါတရားကို အကောင် အထည်ဖော်ဆောင်ရွက်သွားနိုင်ပြီး ကမ္ပည်းတင်သွားနိုင်ဖို့လည်း ဖြစ်သလို၊ နောက် ဖြူစင်ရိုးသားလှတဲ့ အညာသူ၊ အညာသားတွေရဲ့ ခက်ခဲပင်ပန်းစွာ သွားလာကြရတဲ့ လမ်းခရီးကို အဆင်ပြေသွားဖို့ ရည်ရွယ် ထားပြီး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်ရွှေမြို့သူတွေလည်း တဖွဲဖွဲဆိုသလို လာရောက်ပြီး လှူဒါန်းမှုတွေ ပြုလာကြပါတယ်။ ဒီအကြောင်းလေးတွေကိုလည်း နောက်ကြုံရင်၊ ကြုံသ လိုလည်း ထပ်ပြောပါဦးမယ်။ အခုလို လာရောက်မေးမြန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။
  • လှူဒါန်းနိုင်မယ့် နေရာလေးတွေလည်း ပြောပါဦးဘုရား။
  • လှူဒါန်းနိုင်မယ့် နေရာလေးတွေကလည်း အမျိုးမျိုး သတ်မှတ်ထားတယ်။ ဥပမာ- သူမြို့နယ်၊ သူ့ရွာနဲ့သူ ဆိုပါတော့။ ဒါပေမယ့် ရန်ကုန် ရွှေမြို့သူတွေအနေနဲ့ကတော့ အရှင်ရာဇိန္ဒ၊အမှတ်(၆)၊ ရွှေပိဋကတ်တိုက် အာဇာနည်းလမ်း၊ ရွှေတိဂုံအရှေ့ဘက်မုဒ်အနီး၊ ရန်ကုန်။(ဖုံး-တဆင့်) ၃၈၄၃၆၃၊ အရှင်ဥာဏိဿရ၊ တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊ ကမ္ဘာအေး၊ မရမ်းကုန်း၊ (ဖုံး-၀၉-၅၁၂၁၈၉၁)နှင့် လမ်းတံတားသို့ တိုက်ရိုက် ဆက်သွယ်လှူဒါန်းလိုပါက ဦးဝေပုလ္လ(လမ်းတံတား အကျိုးတော်ဆောင် ဆရာတော်) လမ်းပြုပြင် ထိန်းသိမ်းရေးကျောင်း၊ ပုလဲမြို့နယ်၊ ဖုံး-၀၉-၂၀၃၀၇၂၈၊ ၀၉-၆၄၅၀၆၄၅ သို့ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

  • ထွန်းဇော်ဌေး(ထန်းတောကုန်း)

Type the rest of your post here.

1 comment:

Unknown said...

အဲဒီအကြောင်းကို ဖတ်ချင်နေတာ ကြာပီ.... ဂျာနယ်တွေလည်း မ၀ယ်တာကြာပီဆိုတော့ မဖတ်ဖြစ်ဘူး... ခု လို တင်ပေးထားတော့ အဆင်ပြေသွားတယ်.... ကျေးဇူးပါဗျာ....