Sunday, December 27, 2009

ဒီကဗျာ ဒီမှာရပ်လိုက်တယ်



`` လူသည် လွတ်လပ်၏။ သူရဲဘောကြောင်သူသည် သူ့ကိုသူ သူရဲဘောဖြစ်အောင် ဖန်တီး၏။
သူရဲကောင်းသည် သူ့ကိုသူ သူရဲကောင်းဖြစ်အောင် ဖန်တီး၏ ´´
(ယန်းပေါလ်ဆတ်)

နှင်းတွေသိပ်သိပ်သည်းသည်းရွာကျနေခဲ့တာလား
ပြတင်းဟာ ပျောက်နေဆဲ
ငူငူကြီးထိုင်ပြီး ငေါင်ငေါင်ကြီး ငူနေမိတယ်
ရှေ့ဆက်တဲ့ ဘယ်လိုဆက်ရမှန်း မသိတာနဲ့
ရပ်နေမိတာ ကြာပါပြီ
ကြောက်ကြောက်နဲ့ ချထားလိုက်တာ
ကျောက်ဆူးကြီးလည်း မနှုတ်ရသေး
ကိုယ့်ကိုယ်ကိုယ် ချော့ပေါင်းနေရတာ
အကုသိုလ် တစ်မျိုးပဲ
စိတ်ပျက်ဖို့လည်းကောင်းရဲ့

``အကုန်မစားနဲ့
အကုန်မစားနဲ့
ရှိတာ တစ်ထိုင်တည်းစားရင်
နောက်ထပ်ဘာသွား စားမှာလဲ´´
ကလေးက ငိုတယ်
လူကြီးက ရိုက်တယ်
ငါ့အဖွားကတော့
ကျောမှာ ကပ်နေလို့ ကပ်လို့ပြောတာပဲ
ပိုက်ဆံက ပိုက်နဲ့ခံတာတောင်မရချင်
မျှော်လင့်ခြင်းဟာ တစ်ဖက်လှည့်ထိုင်လို့
ရှင်ကွဲပဲ
အဆက်အဆံမရှိတာလည်း ကြာလှပေါ့

``ကျောတစ်ပြားကို မင်းဘယ်လောက်သိလဲ
ရန်ကုန်မှာက``နေရေးစားဝတ်´´တဲ့
ထွတ်တီးထွတ်ကော်ပြောတတ်သူ
ငါ့သူငယ်ချင်းကို ငါသတိရ
အလုပ်အကိုင် ဆေးရုံတက်တယ်
အစားအသောက်တွေ လေယာဉ်စီးတယ်
သေချာတယ်ဆိုတာ မသေချာခြင်းလား
ယုံကြည်ခြင်းဟာ ကပ်သင့်ခဲ့ပါပြီ
ယုံကြည်တာကို ကုမ္ပဏီမှားထားလို့လည်း
မရတော့

ဟက်ဟက်ပက်ပက်ရယ်မိသလား
သောသောညံအောင်ပျော်ဖူးသလား
ဟီးဟီးဟားဟား
တကယ်ဟီးဟီးဟားဟားလား
ဒါ အိပ်မက်လား
ဒါ အတုလား
ဒါဟာ တကယ်လား
စဉ်းစားပြီး ရှိနေတာလား
ရှိပြီးစဉ်းစားနေတာလား
စဉ်းစားရင်းရှိ
ရှိရင်းစဉ်းစားဖြစ်နေတာလား
လျှပ်ဗေဒမှာတော့
အလင်းပြီးရင် အသံလာတယ်
အသံပြီးရင် ဘာလာမှာလဲ
ပန်းသီးဟာ တကယ်ပန်းသီးလား
ဘယ်ကကြွေကျတာလဲ
မြွေက ဧ၀ကို ကျွေးလိုက်တာလား
အာဒံနံရိုးကို ဘယ်သူချိုးလိုက်တာလဲ
နေက ကမ္ဘာကို ပတ်သလား
ကမ္ဘာကနေကို ပတ်သလား
ကမ္ဘာဗဟိုပြုသလား
နေဗဟိုပြုသလား
ဒါ ရီနေဆင့်ပဲ
ဒါ အလည်ခေတ်ဥရောပပဲ

လူဟာ ``အင်နားရှား´´လား
ထားမြဲနေလို့တဲ့ ဆန္ဒတကယ်ရှိသလား
သက်ငြိမ်အရုပ်ကြီးတစ်ရုပ်လို ရပ်နေသလား
လမ်းဘေးစိုက်ထားတဲ့ တိုင်လို ငုတ်တုတ်လား
ရေလိုစီးသလား
ဆီလိုအပေါက်ရှာသလား
မုန်တိုင်းလို အော်မြည်လား
လေလို ကိုယ်ရောင်ဖျောက်တတ်သလား
ဒီအတိုင်းသာဆို
ဒီအတိုင်းပဲဟာ
ဒီနေရာမှာပဲရှိနေတော့မှာပေါ့
အခု ငါဘာလုပ်နေလဲ
စာရေးလား
စာဖတ်လား
လက်ဖက်ရည်ဆိုင်ထိုင်နေတာလား
ရုပ်ရှင်ကြည့်သလား
သမ္မတကမ်းခြေမှာ အပန်းဖြေနေတာလား
လေပြီးများ တစ်နေရာလွင့်နေသလား
ကိုယ့်ကိုယ်ကိုယ်ပြန်ဆိတ်ကြည့်မိတဲ့နေ့တွေ
မနည်းတော့ပါလား
စိတ်ကအနားမှာ ရှိသေးရဲ့လားလို့ပါ

သြော် လေဒီပွမ်ပွမ်ပါလား
အရမ်းညံ လွှတ်ညံပဲနော်
ကိုင်း ဆို ဘာကိစ္စ
အမျိုးစုံကြိုးခုန်ပါပဲလား
အကြောင်းအမျိုးမျိုးနဲ့
ချောင်းဆိုးပြလိုက်
ခေါင်းကိုက်ပြလိုက်
ဗိုက်နှိပ်ပြလိုက်
ကလေးဆူလိုက်
လူကြီးအော်လိုက်
``ဆန်ကုန်ပြီ
ဆီမရှိတော့ဘူး
မီးသွေးပြတ်သွားပြီ။
ရှင့်ကလေး ကျူရှင်လခပေးရမှာ ဘယ်နေ့

စိတ်ကိုလည်း
ညစ်ညစ်နဲ့ ချွေချွေပြီးညစ်မိ
တစ်ခါတစ်ခါ
စိတ်အပေါင်ဆိုင်ရှိရင်ကောင်းမယ်လို့တွေးမိတယ်
ငါ့စိတ်တွေပေါင်ချင်လို့ပါ

ဆင်တုံးလုံးလဲတာ အရေးမကြီး
လိပ်ပက်လန်မလန်ဖို့ လိုသတဲ့
သူတောင်းစားဟာ
ခွက်ပျောက်ရင် လက်ကျန်ပါမယ်
ဝံပုလွေမီးဝိုင်းဆိုရင်တော့……..
ဒီကဗျာ ဒီမှာပဲ ရပ်လိုက်ပါတယ်။ ။
လူအိမ်
၂၀၀၉-ဇန်န၀ါရီလ။

No comments: