Wednesday, October 19, 2011

အမှာစကားအနည်းငယ်

သည်စာအုပ်ရေသားရခြင်းအကြောင်းလေးကို အနည်းငယ်လောက် ဦးစွာမိတ်ဆက်ပြောပြလိုပါသည်။ မိမိအနေဖြင့် ကြေးသွန်းဘုရားကြီး၏ ရာပြည့်သမိုင်းမော်ကွန်း မဂ္ဂဇင်းစာအုပ်တစ်အုပ်ကို ဦးဆောင်ပြီးလုပ်သည့်အခါ မထင်မှတ်ဘဲ ဘာသာပြန်ဆောင်းပါးတစ်ပုဒ်ကို ဖတ်ခွင့်ရခဲ့သည်။ ထိုဆောင်းပါးသည်ကား ရေးသားသူ(ပဏ္ဍစ် ပီ ပေမ ရတန မဟာထေရ်) ဘာာသာပြန်- အရှင်သြသဓ (ဘုတလင်) ၏ ''လူသားမျိုးနွယ်အတွက် ဗုဒ္ဓ၏ ကျေး ဇူးပြုမှုများ'' ဆောင်းပါးဖြစ်ပါသည်။ ထိုဆောင်းပါးလေးကို အခြေခံပြီး ဒီစာအုပ်လေးကို ရေးဖို့ အကြံရလာခဲ့သည်။
တစ်ခါက အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးရအောင် ကြိုးပမ်းပြီးကာစ မဟတ္ထမဂန္ဒီဟာ အင်္ဂလန်ကို အလည်အပတ်ရောက်ရှိ လာပါတယ်။ သူဟာ အခြားသော အပေါင်းအဖော်တွေနဲ့ လန်ဒန်မြို့က လမ်းတွေပေါ်မှာ လမ်းလျှောက်လာရင်း နာမည်ကြီး ရတနာဆိုင်ကြီးတစ်ဆိုင်ရှေ့ရောက်တော့ ရပ်လိုက်ပြီး မှန်ခန်းထဲမှာ ခင်းကျင်းပြသထားတဲ့ ကျောက်မျက်ရတနာတွေကို စိတ်ဝင်တစား ကြည့်ရှုနေခဲ့တယ်။ အဲဒါကိုမြင်တော့ ဆိုင်ရှင်ဟာ လမ်းပေါ် ပျာပျာသလဲထွက်လာပြီး မဟတ္ထမဂန္ဒီကို လေးလေးစားစား နှုတ်ဆက်တယ်။
'' ဂန္ဒီကြီး အခုလို ကြွရောက်လာတဲ့အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့မှာ လှပေ့၊ တန်ဖိုးကြီးပေ့၊ အနုပညာမြောက်ပေ့ ဆိုတဲ့ ကျောက်မျက်ရတနာတွေ အများကြီးရှိပါတယ်။ ဂန္ဒီးကြီးကို တချို့ လက်ဆောင်ပေးလိုက်ချင်ပါတယ် '' လို့ ပြောတယ်။ အဲဒီတော့ ဂန္ဒီက အခုလို ပြန်ပြောတယ်။
'' ဒီအံ့သြဖွယ်ကောင်းတဲ့ ကျောက်မျက်ရတနာတွေကို မြင်တွေ့ရတော့ ကျုပ်အဖို့ အထူးအဆန်းဖြစ်ရပါတယ်။ ကျုပ်ကိုကျုပ်လဲ အံ့အားသင့်ရပါတယ်။ တန်ဖိုးအရှိဆုံး လက်ဆောင်တစ်ခုကိုလဲ ကျုပ် လက်ခံလိုက်ပါပြီ။ အဲဒါက ဒီတန်ဖိုးရှိတယ်ဆိုတဲ့ ကျောက်မျက် ရတနာတွေမရှိဘဲနဲ့လဲ ကျုပ်ဘဝကို ရှင်သန်နေထိုင်နိုင်တယ်ဆိုတဲ့အချက်ပါပဲ ''
မှန်သည်။ ကျုပ်တို့တစ်တွေအနေနဲ့ တန်ဖိုးရှိသည့် အရာတွေမရှိသော်လည်း နေထိုင်နိုင်ပါသည်။ သို့ပေမယ့် ဂန္ဒီကြီးလို စိတ်ကောင်းစိတ်မြတ်တွေကိုတော့ ပိုင်ဆိုင်ထားကြဖို့လိုပါသည်။ ဒါဟာ လူသားတိုင်းအတွက် အရေးကြီးတဲ့အချက်လည်းဖြစ်ပါသည်။ သည်စာအုပ်လေးမှာလည်း ဗုဒ္ဓ၏သင်ကြားချက်အနေဖြင့် စိတ်ဓာတ်များကို အထူးသဖြင့် သင်ကြားထားခြင်းလည်း ဖြစ်ပါသည်။ ရုပ်ဝတ္ထုများထက် အရေးကြီးသော စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မြတ်မှုများကို ဗုဒ္ဓအနေဖြင့် အထူးသဖြင့် သင်ကြားခဲ့ခြင်းဖြစ်ပါသည်။
တိုးတက်ပြောင်းလာသည့်အားလျော်စွာ အစဉ်အလာများသည်လည်း တစ်ခုပြီးတစ်ခု ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် နိုင်ငံတော်သည်လည်း တိုးတက်မှုတစ်ခုဆီသို့ ဦးတည်နေသည်ကတော့ အမှန်ပင်ဖြစ်သည်။ ပြည်သူ့အသံကို နားစွင့်နေသည့် အစိုးရသည်လည်း မူဝါဒအသစ်များဖြင့် ပြောင်းလဲမှုဆီသို့ ဦးတည်နေခဲ့သည့်အတွက် ဝမ်းမြောက်စွာ ကြိုဆိုရမည်သာဖြစ်သည်။ သို့အတွက် နိုင်ငံတော်သစ်ဆီသို့ ချီတက်သည့်အခါ သည်စာအုပ်လေးအနေဖြင့် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုလိမ့်မည်ဟု ထင်ပါသည်။ နိုင်ငံမှမဟုတ်ပေ အခြားသော လူမှုရေးလုပ်ဆောင်ချက်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများအနေဖြင့်လည်း သည်စာအုပ်လုပ်လေးအနေဖြင့် အထောက်အကူ ပြုလိမ့်မည်လိမ့်ဟု ထင်ပါသည်။ သို့သော် ဂန္ဒီကြီး၏ထုံး နှလုံးမူပြီးတော့ ဗုဒ္ဓ၏ စိတ်ပိုင်းဆိုင်ရာ မြင့်မြတ်သော သင်ကြားချက်များဖြင့် အကောင်အထည်ဖော်ကာ တည်ဆောက်သွားရန် လိုအပ်ပါသည်။
သည်စာအုပ်လေဟာ ဗုဒ္ဓရဲ့သင်ကြားချက်များကို အခြေခံပြီး ရေးသားထားသည့်အတွက် ဘာသာတရားကို လေ့လာလိုသူများ အနေဖြင့်လည်း ဖတ်သင့်သည်ဟု ထင်ပါသည်။ ထို့အတူ လူသားတိုင်းအနေဖြင့် သိသင့်သိထိုက်သည့် လူ့အခွင့်အရေးများကိုလည်း သိရမည်ဖြစ်ပါသည်။ နိုင်ငံတစ်ခုတည်ဆောက်ခြင်းဟု ခေါင်းစဉ်အနေဖြင့် ကြီးကျယ်မည်ဟု ထင်ရသော်လည်း ဗုဒ္ဓ၏သင်ကြားမှုများသည် နိုင်ငံတစ်ခုသာမဟုတ် ကမ္ဘာကြီးတစ်ခုလုံးကိုလည်း လွှမ်းခြုံထားခြင်းဖြစ်ပါသည်။ ငြိမ်းချမ်းရေးကို ဆာလောင်နေသည့် စစ်မျက်မှာပြင် များအနေဖြင့်လည်း မေတ္တာတရား၊ ခန္တီတရား၊ ကရုဏာတရားဖြင့် ပြန်လည်ဦးမော့လာစေနိုင်ရန်အတွက်လည်းကောင်း၊ ထို့အတူ လူသားအခွင့်အရေးများ၊ ကူညီရိုင်းပင်းမှုများ၊ စာနာထောက်ထားမှုများကိုလည်း ဗုဒ္ဓအနေဖြင့် သင်ကြားခဲ့သည့်အတွက် တစ်ကမ္ဘာလုံးနှင့် ဆိုင်သော သင်ကြားချက်များဟု ညွှန်းဆိုရမည်သာဖြစ်ပါသည်။
သည်စာအုပ်လေးနှင့် ပတ်သက်ပြီး ကူညီခဲ့ကြသော ပုဂ္ဂိုလ်များအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။ အထူးသဖြင့် အစစအရာရာ ကူညီမှုပြုခဲ့ပါသော ကဗျာဆရာစိုးမင်းအောင်၊ ကဗျာဆရာညီမွန်၊ မဌေးဌေးဝင်းတို့အား ကျေးဇူးတင်ရှိ ပါသည်။ စာနှင့်တစ်သွယ်၊ ဖုံးနှင့်တစ်ဖုံ အားပေးကြသည့် စာဖတ်ပရိသတ် အား လည်း ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါ သည်။ စာဖတ်သူအနေဖြင့်လည်းကောင်း၊ နောက်မည် သည့်အဖွဲ့အစည်းမှာမဆို စာအုပ်မှာပါသည့် မြတ်ဗုဒ္ဓ၏ သင်ကြားချက် အနေဖြင့် တစ်ထောင့်တစ်နေရာမှ အကျိုး သက်ရောက်မှုရှိမည်ဆိုလျှင် ရေးသားရကျိုးနပ်ပါကြောင်း။

ချစ်ခင်လေးစားစွာဖြင့်
မောင်မင်းစိုး

No comments: