Friday, October 28, 2011

အမေ ပြန်လာပါ

တကယ်တော့ သားရယ်
အမေဟာ သားထင်သလို
စိတ္တဇဝေဒနာရှင် မဟုတ်ပါဘူး။

မင်းရဲ့ ပြန်လာဖို့ ကြော်ငြာဟာ
အမိန့်သံကြီး ပါနေသလားလို့
အမေ ဖတ်ပြီး မျက်ရည်ဝဲခဲ့ရတယ်။

မင်းရဲ့ အကြင်နာမဲ့ အော်သံတွေ
မင့်မိန်းမရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတွေဟာ
ငါထွက်ခဲ့ခြင်း အကြောင်းရင်းတွေပေါ့။

ပတ်ဝန်းကျင်ရဲ့ တွန်းအားနဲ့
အမေအိုကို ပြန်ဆွဲချင်ပေမယ့်
ရိုးရိုးစင်းစင်းနဲ့ နေပျော်နေပါပြီ။

လူတစ်လုံး သူတစ်လုံးဖြစ်အောင်
မင့်အဖေရဲ့ အားတွေပါ ထုတ်သုံးရင်း
သားဦးမို့ ရူးခဲ့ရတယ်
တစ်ယောက်တည်းမို့ ပိုးမွေးသလို မွေးခဲ့တယ်။

အမေဟာ မြေးကလေးရဲ့ တွတ်တီး တွတ်တာသံနဲ့ အပြုံးကလေးကလွဲရင်
ခမ်းနားလှတဲ့ အိမ်ကြီးကို
ဘာမှ မလွမ်းဆွတ်တော့ပါဘူး။
မင်းတို့ မိသားစု ကျန်းမာ၊ ချမ်းသာကြပါစေ။
မောင်မင်းစိုး
မှတ်ချက်။ ။ (သတင်းစာထဲက အမေပြန်လာပါ ကြော်ငြာတစ်ခုကို ခံစားရေးဖွဲ့ထားခြင်း ဖြစ်ပါသည်)

No comments: