Wednesday, October 26, 2011

ကဗျာဆရာလှသန်း (ခ)ကြည်မောင်သန်း ရဲ့ နာရေးသတင်း

ကဗျာဆရာလှသန်း
(ခ)ကြည်မောင်သန်း
အသက်(၄၉)နှစ်

၂၂-၁ဝ-၂ဝ၁၁၊ စနေနေ့(ည-၉း၂ဝ)တွင် ကွယ်လွန်သည်။
အမည်ရင်း လှသန်း
၁၉၆၃ခုဖွား၊ ရန်ကုန်။

၁၉၈၂ခုတွင် ကဗျာများစတင်ရေးသားခဲ့သည်။
၂ဝဝ၈ခုနှစ်၊ ဇွန်လထုတ်၊ ချယ်ရီမဂဇင်းပါ '' ဒီပင်္ဂရ''ကဗျာသည်
တစ်နိုင်ငံလုံးသို့ ဂယက်ရိုက်သွားခဲ့ဖူးသည်။
၂ဝဝဝခုနှစ်တွင် အိမ်ထောင်ကျ၊
ကဗျာဆု ရှစ်ဆုအထိရရှိခဲ့။


စံသိုက်၊ နမိတ်ထွန်းသန်း၊ လိပ်ပြာသန့်သန့်
ကြည်မောင်သန်း၊ ရန်မခ၊ မောင်သီးသန့်တို့ဖြင့်
ရေးသားခဲ့သည်။

သူရဲ့ နာရေးတုန်းက ယပ်တောင်က ကဗျာလေးကို
ဖော်ပြလိုက်ပါတယ်။

မရဏာနုဿတိ
သက်သက်သာသာနေချင်တယ်၊
သက်သက်သာသာသေချင်တယ်၊
သေခြင်းရဲ့ဟိုဘက်မှာ ဟာလာဟင်းလင်း၊
မင်းလဲကြောက်တယ်၊
ငါလည်းကြောက်တယ်။
လှသန်း

ဇာတ်ထုပ်များကို နားထောင်ခြင်း
ရွှေကျီးညိုနဲ့ ပဲခူးမြ
ရွှေမန်းတင်မောင်နဲ့ အောင်သန်းတင်
ပန်တျာကြည်လင်နဲ့ ပန်တျာတင်တင်မြင့်
သူတို့ရဲ့ အသံသွင်း ဇာတ်ထုပ်တွေ နားထောင်ပြီး
အံ့အားသင့်ရတယ်

သူတို့ရဲ့ အပြော အဆို အငို အလွမ်း
အို . .ဆန်းကြယ်လှပါရဲ့

သူတို့ရဲ့ ပါဖောမင့်ကို မြင်ယောင်မိတယ်
သူတို့ရဲ့ အိပ်စ်ပရက်ရှင်းကို လေးစားမိတယ်
သူတို့ရဲ့ မိုနိုလော့ဂ်တွေ ဒိုင်ယာလော့ဂ်တွေကို
သဘောကျမိတယ်

ဗုဒ္ဓဘာသာယဉ်ကျေးမှုအတွက်
သူတို့ရဲ့ ရင်းနှီးမြှပ်နှံ ပါဝင်မှုကို
ဦးညွတ်မိပါရဲ့။
လှသန်း


သူငယ်ချင်းတစ်ယောက်ကတော့ ပြောတယ်။ ကဗျာခံတပ်တစ်ခု ကျသွားပြန်ပြီတဲ့။ ကဗျာကဏ္ဍမှာ သူ့ရဲ့
လက်မောင်းသေးဖောက်ကြည့်ချင်းကဗျာတွေ ဟိုတုန်းက တင်ပေးခဲ့ဘူးတယ်။ ပြန်ဖတ်ကြည့်ပါလား။
မောင်မင်းစိုး

No comments: