Sunday, August 12, 2012

လူငယ်နှင့် နိုင်ငံရေး အခင်းအကျင်း(၁) အရာရာကို လေ့လာစောင့်ကြည့်ခြင်း

 ““တိုမြန်မာပြည် ဩဒါလောက်ကလေး လွတ်လပ်တာဟာ လူငယ်တွေကြောင့်၊ လူကြီးတွေအလိုသာဆိုရင် အရိမေတေ်္တယျ ပွင့်တော်မူတောင် မလွတ်လပ်ဘူး”” (ဆရာကြီး သခင်ကိုယ်တော်မှိုင်း) ဒီစကားလေးကို ဖတ်မိပြီး ဆရာကြီးအနေနဲ့ လူငယ်တွေကို အတော်လေးအားကိုးခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။ တကယ်လည်း မြန်မာပြည် လွတ်လပ်ရေး တိုက်ပွဲအတွက် နိုင်ငံရေးမှာ လူငယ်တွေကို အားကိုးခဲ့သလို၊ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပြီး လူငယ်တွေနဲ့အတူတကွ လက်တွဲပြီး လွတ်လပ်ရေးတိုက်ပွဲအတွက် မြန်မာပြည်အနှံ့ ကျေးလက်များပါမကျန် ခရီးသွားရင်း လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သွားခဲ့ပါတယ်။ အဓိကထင်ရှာင်းတဲ့ သာဓကကတော့ စံဖဲအရေးမှာ လူငယ်တစ်ယောက်ရဲ့ တရားမျှတမှုကို ချစ်မြတ်နိုးတာ၊ အမှန်တရားအတွက် တိုက်ပွဲဝင်တာတွေမှာ ဆရာကြီးဟာ အားပေးခဲ့သလို ဒီအရေးမှာလည်း တတ်နိုင်သလောက် အလှူငွေများကောက်ခံပြီး စံဖဲအတွက် တိုက်ပွဲဝင်ခဲ့တာဟာ လူငယ်တွေကို အားကိုးခဲ့လို့ပါပဲ။ ဒီနေ့ခေတ်လူငယ်တွေအနေနဲ့လည်း ပြုပြင်ပြောင်းလဲကာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေတဲ့ အစိုးရသစ်ရဲ့ လမ်းကြောင်းတွေကို မျက်ခြေမပြတ် စောင့်ကြည့်ရင်း အမှန်တရားအတွက် တိုက်ပွဲဝင်နိုင်အောင်၊ ကြောင်းကျမဲ့မနေဘဲ နိုးကြား တက်ကြွစွာနဲ့ နိုင်ငံရေးကို အထူးတလည် စိတ်ဝင်စားမှုရှိနေဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူငယ်ဆိုတာ အနာဂတ်ကို အဓိကမောင်းနှင်သွားမယ့် အားအကောင်းဆုံးသူ ဖြစ်လို့ပါပဲ။ ဒါကြောင့် အခုကတည်းက ကျွမ်းကျင်တဲ့ မောင်းနှင်နိုင်သူဖြစ်ဖို့ လေ့လာစရာ၊ သင်ယူစရာများနှင့် ခရီးဆက်နေဖို့၊ နိုးကြားနေဖို့ အထူးတလည် လိုအပ်ပါတယ်။ ဒါမှသာလျှင် မဝေးတော့သော အနာဂတ်မှာ ကျရောက်လာမယ့် ပခုံးလွှဲပြောင်း တာဝန်ယူမှုတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ လွှဲပြောင်းတာဝန်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ဆရာကြီးတစ်ယောက်ပြောသလို မအ အောင်တော့ အစစအရာရာ လေ့လာပါ၊ သင်ယူပါ၊ အတုယူပါ၊ အတုယူဆိုတဲ့ နေရာမှာတော့ ကောင်းတာ တွေကို အတုယူနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒီနေရာမှာ ထပ်လောင်းပြီးပြောရမယ်ဆိုရင် နိုင်ငံရေးဆိုတာ ““ဒို့အရေး၊ ဒို့အရေး””ဆိုတာတွေကို လက်သီးလက် မောင်းတန်းပြီး အော်ဟစ်နေမှ နိုင်ငံရေးလို့ မထင်လိုက်ပါနဲ့။ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့အရေးကိစ်္စမှန်သမျှဟာ နိုင်ငံရေးပါပဲ။ ဒါကြောင့် လူသားအကျိုးပြုလုပ်ငန်းတွေဖြစ်တဲ့ ပရဟိတအကျိုးကို စွမ်းစွမ်းတမံပြုနေခြင်းဟာလည်း တကယ်တော့ နိုင်ငံရေး လုပ်နေခြင်းဖြစ်ပါတယ်။ နိုင်ငံရေးကို ဘောင်ခတ်ကြည့်လို့ မရပါဘူး။ ဘောင်ခတ်ကြည့်တဲ့ လုပ်ငန်းဟာ နိုင်ငံရေးလို့ ဆိုဖို့ ခက်ခဲနေပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ အရေးကိစ်္စမှန်သမျှဟာ နိုင်ငံရေးလို့ခေါ်တော့ ဒီထဲမှာတစ်ခုတည်းကိုသာ အဓိက ထားပြောနေခြင်းဟာ ဘောင်ကျဉ်းလွန်းပြီး နိုင်ငံရေးဆိုတာ ဘောင်ခတ်ခြင်းမရှိမှသာ ပိုပြီးပွင့်လင်း ထင်သာမှု ရှိပါလိမ့်မယ်။ တစ်ခုတော့ရှိတယ် စည်းကမ်းဥပဒေသတွေ ထုတ်ပြန်မှုဆိုတဲ့ ဘောင်ကိုပြောတာမဟုတ်ဘူးဆိုတာကိုတော့ အထူးတလည် ရှင်းပြမနေတော့ပါဘူး။ ဒီတော့ လူငယ်တွေကို အဓိကထားပြီးပြောနေခြင်းဟာ လူကြီးတွေကို တန်ဖိုးမထားလို့မဟုတ်ပါဘူး။ လူကြီးဆိုတာ တွေကလည်း တစ်ချိန်က လူငယ်တွေဖြစ်ခဲ့ပြီး သူတို့ထက်ကြီးတဲ့ လူကြီးတွေဆီကနေတဆင့် ဒီလိုပဲ လက်ဆင့်ကမ်း သယ်ဆောင် လာခဲ့ကြတဲ့ အကျလူတွေဖြစ်နေပါတယ်။ သူတို့ကိုလည်း မေ့ထားလို့တော့ မရပါဘူး။ ဒီတော့ လူငယ်တွေအနေနဲ့ အခုလူကြီး ဆိုသူတွေရဲ့ လုပ်ငန်းတွေကို မကြာခင်မှာ လက်ဆင့်ကမ်း သယ်ဆောင်ကြရမယ်ဆိုတော့ အခု လူကြီးတွေ ဘာတွေ လုပ်နေသလဲ၊ ကောင်းသလား၊ မကောင်းဘူးလားဆိုတာတွေကို လေ့လာအကဲခတ်ဖို့ လိုပါလိမ့်မယ်။ နောက်ပြီး ကိုယ်နဲ့အဆင်ပြေမယ့် လုပ်ငန်း ဆောင်တာများကိုလည်း ပခုံးလွှဲတာဝန်ယူဖို့ လိုပါလိမ့်မယ်။ ဒါကြောင့်အစစအရာရာ သတိထားပြီး ပြုမူနေထိုင်သွားဖို့ တိုက်တွန်းလိုပါတယ်။ ငါနဲ့မဆိုင်ဘူးဆိုတဲ့ စိတ်မျိုးနဲ့ ဘာမှစိတ်ဝင်စားမှုမရှိဘဲ ဘာသိဘာတာနေမယ်ဆိုရင်တော့ လူညံ့စိတ်နဲ့ ဘ၀ကိုဖြတ်သန်းနေသူလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူသားတစ်ယောက်ဟာ လူ့အဖြစ်ကို ရရှိလာတယ်ဆိုတာ လူသားကောင်းကျိုးအတွက် ဘာလုပ် ပေးရမလဲဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ နေသွားမှသာ လူ့အဖြစ်ကို ရရှိရကျိုးနပ်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး အရာရာကို လေ့လျူရှုထားပြီးမနေဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ ဘာမှအရေးမထားဘဲ နေမယ်ဆိုရင်တော့ ပျားရည်တစ်စက်ကြောင့် ပြည်ပျက်ရဆိုသလို ဖြစ်သွားပါလိမ့်မယ်။ ဒီတော့ အသေးအမွှားလေးမှအစ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ အရေးတွေကို တာဝန်သိသိ၊ တာဝန်ရှိရှိနဲ့ ပြုမူလုပ်ဆောင်နိုင်ဖို့ တိုက်တွန်းလိုပါတယ်။ ဒီနေရာမှာ ကြုံတုန်းလေး ပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ်။ တစ်ခါက ဗာရာဏသီပြည်၊ ဗြဟ်္မဒတ်မင်း မင်းပြုအုပ်ချုပ်နေပါတယ်။ အဲဒီတုန်းက မင်းကြီးအနေနဲ့ မင်းတိုင်ပင်အမတ် တစ်ယောက်ဖြစ်တဲ့ ပုရောဟိတ်ပုဏ်္ဏားနဲ့အတူ အဖြူရောင်ပုဆိုးလေးကို ခင်းပြီး ပျားရည်ဆန်းထားတဲ့ ပေါက်ပေါက်တွေကို စားနေခဲ့ပါတယ်။ ဒီလိုနဲ့ မထင်မှတ်ဘဲ ဘုရင်ဟာ ပုဆိုးဖြူအပေါ်ကို ပျားရည်လေးတစ်စက် ပြုတ်ကျသွားပါတယ်။ ဒါပေမယ့် မသိဟန်ပြုပြီး သိသိကြီးနဲ့ ဆက်ပြီးစားနေခဲ့တယ်။ ပုဏ်္ဏားကြီးကလည်း မြင်ပါတယ်။ ဒါပေမယ့် တစ်ဘက်မှာထိုင်နေတဲ့ ဘုရင်ရဲ့အနီးမှာဖြစ်လေတော့ မသုတ်ဝံ့ဘဲ မသိဟန်ဆောင်ကာ ဆက်ပြီးစာနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ယင်တစ်ကောင်ဟာ ပျားရည်အနံ့ရတာနဲ့ ပျံလာပြီး ပျားရည်စက်အပေါ်ကို နားလာပါတယ်။ အဲဒီ ယင်ကောင် နားလာတာကိုလည်း နှစ်ဦးစလုံးမြင်သော်လည်း မခြောက်လှန့်ဘဲ မသိဟန်ပြုကာ စားမြဲအတိုင်းဆက်စားကာ အမှတ်တမဲ့ နေခဲ့ကြပြန်တယ်။ ဒီလိုနဲ့ ပျားရည်အပေါ်နားနေတဲ့ ယင်ကောင်ကိုမြင်တော့ ထရံထက်မှ ပင့်ကူကြီးတစ်ကောင်ဟာ တလှုပ်လှုပ်နဲ့ ပြေးဆင်းလာပြီး ယင်ကို ဖမ်းမျိုပါတယ်။ ဒါကိုလည်းလည်း နှစ်ဦးစလုံး အမှုမဲ့အမှတ်မဲ့ နေကြပြန်ပါတယ်။ မောင်နှင်မှု မလုပ်ကြပါဘူး။ ခဏနေ အစာရှာထွက်လာတဲ့ ကြွက်တစ်ကောင်ဟာလည်း အိမ်မြှောင်ပြေးတာကိုမြင်တော့ နောက်ကနေလိုက်ပြီး ဖမ်းစားလိုက်ပြန်တယ်။ ဒါကိုလည်း မသိကျိုးကျွံပြုကာနေခဲ့ကြပြန်တယ်။ တဆက်တည်းဆိုသလို ကြွက်ချောင်းနေတဲ့ ကြောင်ဟာလည်း ကြွက်ကိုမြင်တာနဲ့ ခုန်အုပ်လိုက်ပြန်တယ်။ ဒါကိုလည်း နှစ်ဦးစလုံးမြင်သော်လည်း အမှုမဲ့ အမှတ်နေကာ ဆက်ပြီးစားမြဲအတိုင်း ပျားရည်ဆမ်းပေါက်ပေါက်ကို စားနေခဲ့ကြပြန်တယ်။ အဲဒီခဏမှာပဲ မင်းနှင့်ပုဏ်္ဏားတို့စားနေတဲ့ ပျားရည်ဆမ်းပေါက်ပေါက်ကို အသာငမ်းငမ်းနဲ့ စားလိုတဲ့ခွေးတစ်ကောင် အနေနဲ့ ကြောင်ကိုမြင်တော့ တဟုန်ထိုးပြေးလာပြီး ကြောင်ကို ကိုက်လိုက်ပါတယ်။ ခွေးနဲ့ကြောင်တို့ရဲ့ကိုက်ခဲမှုအော်သံတွေကြောင့် ပတ်ဝန်ကျင်အနီးရှိလူများ ပြေးလာကြပါတယ်။ ဒါပေမယ့် နှစ်ဦးစလုံးကတော့ ဘာကိုမှဂရုမစိုက်ဘဲ စားမြဲအတိုင်းစားနေခဲ့ပါတယ်။ ဒီလိုနဲ့ ခွေးရှင်နဲ့ကြောင်ပိုင်ရှင်များဟာ ခိုက်ရန်ဒေါသတွေ ဖြစ်ကြတယ်။ ဒါကိုလည်း ဖြန်ဖြေမှုမပြုဘဲ ပြုအမြဲအတိုင်း ပြုကာနေခဲ့ကြပြန်တယ်။ ဒီလိုနဲ့ ခွေးရှင်နဲ့ကြောင်ရှင်တို့ဟာ ခိုက်ရန်မှုပြုခြင်းကို မပြီးသေးဘဲ ပိုမိုကြီးမားလာစေပါတယ်။ ဆိုင်ရာဆိုင်ရာ မင်းသား တွေကို သူ့ဘက်ကိုယ့်ဘက်ကို ပါဝင်စေပြီး တုတ်၊ ဓား၊ လက်နက်များကိုင်စွဲကာ ရန်ပွဲရဲ့ အရှိန်ဟာ ကြီးသထက် ကြီးသွားပါတယ်။ ထိုအခါမှ မင်းနဲ့ပုဏ်္ဏားတို့ဟာ ရန်ပွဲကို မှူးမတ်သေနာပတိတို့အား ဖြန်ဖြေစေပါတယ်။ သို့သော်လည်း ရန်ပွဲဟာ အဆမတန်ကြီးမားပြီး ပေါက်ကွဲမှုပြင်ထန်နေတဲ့အတွက် ဘယ်လိုမှ ဖြန်ဖြေလို့မရတော့ဘဲ ဆက်တိုက်ဆိုသလို ကြီးသထက်ကြီးကာ နောက်ဆုံး သူဌေး သူကြွယ်၊ မင်း၊ ပုဏ်္ဏားတို့ပါမကျန် တိုက်ခိုက်မှုထဲပါဝင်ကာ သေပွဲဆင်နွှဲ သွားကြရပါတယ်။ ဒီလိုနဲ့ ဗာရာဏသီပြည်ကြီးလည်း ပျက်စီးခြင်းဘ၀သို့ ရောက်သွားရပါတော့တယ်။ ဒါဟာ ဘာမှမဟုတ်တဲ့ ပျားရည်လေးတစ်စက်ကြောင့် ပြည်ကြီးပျက်သွားရတာပါ။ ဒါကို သိပါလျက်နဲ့ မသိဟန် ဆောင်ခဲ့ကြတဲ့ မင်းနဲ့ပုဏ်္ဏားတို့ဟာ အပြစ်မကင်းပါဘူး။ တကယ်တော့ အစကတည်းက သိတာနဲ့တပြိုင်နက် ဖိတ်ကျသွားတဲ့ ပျားရည်လေးတစ်စက်ကို တစ်ယောက်ယောက်အနေနဲ့ သုတ်ပစ်လိုက်ရင် ဘာမှအထူးတလည် ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကို ဘာမှမဖြစ်လေဟန် ပြုခဲ့မှု၊ တာဝန်ကို လေ့လျူရှုမှုတွေကြောင့် နောက်ဆုံးပြည်ကြီးတစ်ခုလုံး ပျက်စီးခြင်းကို ရောက်သွားရပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ အရာရာကို မျက်ခြေမပြတ်ကြည့်ပါ၊ လေ့လာပါ၊ မှတ်သားပါ၊ သင်ယူပါ၊ အတုယူပါ၊ တာဝန်မဲ့မနေနဲ့ စောင့်ကြည့်ပါ။ အပြစ်ဆိုတာ သိတာနဲ့တပြိုင်နက် ကျောသားရင်သား မခွဲခြားဘဲ အထက် အောက်ဆိုတာ ဘေးဖယ်ပြီး ကြီး ငယ် မရွေးကို ထောက်ပြပါ။ အကယ်၍ သိသိကြီးနဲ့ ထောက်ပြမှုကို မသိဟန်ပြုပြီး လုပ်ချင်တာ ဆက်လုပ်နေမယ်ဆိုရင်တော့ အောက်ခြေသူတောင်းစားမှအစ သမ်္မတအထိအရေးယူနိုင်အောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ အပျက်ပျက်နဲ့ သွေးပျက်နေရတဲ့ အမှုတွေများစွာရှိပါတယ်။ ဒါတွေကိုလည်း မူလဖြတ်သန်းလာရာကို သိအောင်လုပ်ပါ။ ဇစ်မြစ်ကိုလိုက်ပြီး ရှင်းနိုင်အောင် ကြိုးစားပါ။ ပြဿနာရဲ့အရင်းခံကို သိရင် ကြီးထွားမလာအောင် ဖြေရှင်းမှသာလျှင် အနာဂတ်မှာ တိုင်းပြည်ဟာ သာယာလှပနေပါလိမ့်မယ်။ ဒီတော့ ဘာကိုမှ အသေးအဖွဲ သဘောမထားပါနဲ့၊ အရာရာဟာ ကိုယ့်တာဝန်လို သဘောထားပါ။ ဒီလိုမှသာ နိုင်ငံတော်ကြီးအနေဖြင့် ကျန်းမာဖွံ့ဖြိုး လာပါလိမ့်မယ်။ လုပ်စရာတွေကတော့ အများကြီး ရှိနေမှာပါ။ ဥပမာ မတရားအဓမ်္မစေခိုင်းတာမျိုးတွေ၊ လာဘ်ပေးလာဘ်ယူမှုရှိတာတွေ၊ မတရားသဖြင့် လယ်ယာမြေ အသိမ်းခံရတာ တွေ၊ အလုပ်သမားအခွင့်အရေးတွေ စသဖြင့်ပေါ့ လုပ်စရာတွေကတော့ များစွာရှိနေပါလိမ့်မယ်။ ဒါတွေကိုလည်း လူငယ်တွေ အနေနဲ့ မေ့ထားပြီး ငါနဲ့မဆိုင်ဘူးဆိုတာတွေမျိုး မလုပ်သင့်ပါဘူး။ စောင့်ကြည့်ပါ၊ ကူညီပါ၊ ဖြေရှင်းပါ၊ ကိုယ်တိုင်ပူ ပေါင်းပါဝင် ဆောင်ရွက်ပါ။ ဒါဟာလည်း အရေးတကြီးလုပ်ရမယ့် ကိစ်္စတွေဆိုတာ မေ့မထားပါနဲ့။ လူမှုရေးကို တတ်နိုင်သမျှလုပ်ဆောင် တာဟာလည်း နိုင်ငံရေးအခင်းအကျင်းမှာ ထဲထဲဝင်ဝင်မဟုတ်တောင်တစ်ဖက်တစ်လမ်းကနေ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ သို့အတွက် ဘာကိုမှ မေ့မေ့လျော့လျော့မနေဘဲ သတိကြီးစွာ စောင့်ကြည့်ဝေဖန်သွားနိုင်ဖို့ တိုက်တွန်းလိုပါတယ်။ မောင်မင်းစိုး

No comments: