လူငယ်နဲ့ ရှက်စိတ်
------------------------
ဒီတစ်ပတ်မှာတော့ ရှက်စိတ်အကြောင်းလေးကို အနည်းငယ်ပြောပြချင်ပါတယ်။
ဒီရှက်စိတ်နဲ့ ကြောက်စိတ်ဟာ လောကကြီးကို စောင့်ရှောက်နေတဲ့
လောကပါလတရားနှစ်ပါးဖြစ်တယ်လို့ မြတ်ဗုဒ္ဓက ဟောကြားထားခဲ့ပါတယ်။ ဒီတော့
ဘယ်လိုနေရာမှာ ရှက်ရမလဲ၊ ကြောက်ရမလဲဆိုတာမျိုးတော့ ခွဲခြားပြီးတော့
သိရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ တချို့က ကိုယ့်မှာအထိုက်အလျောက်
သီလ၊ သမာဓိ၊ ပညာစတာတွေ ထူထောင်ထားခဲ့တာတောင် အဲဒီရှက်စိတ်
ကြောက်စိတ်တွေကြောင့် လူတောမတိုးရဲတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့်
ခွဲခြားပြီးတော့ သိရမှာ ဖြစ်ပါတယ်။
ဒီရှက်စိတ်နဲ့ပတ်သက်ပြီးတော့ အသိတစ်ယောက်နဲ့ အွန်လိုင်းပေါ်မှာ
ဆွေးနွေးဖြစ်ပါတယ်။ အဲဒါကတော့ သူ့အကြောင်းတော့ မဟုတ်ပါဘူး။
သူ့တူလေးတစ်ယောက်အကြောင်းပါ။ သူက သူ့တူလေးကို ရှက်စိတ်မွေးစေချင် တယ်လို့
ဆိုပါတယ်။ ဘယ်လို ရှက်စိတ်မျိုးလဲဆိုတော့ မိဘပစ္စည်းကို အလဟဿရပြီး
သုံးဖြုန်းပစ်တာမျိုးဟာ ကိုယ်တိုင်ဘာမှ မရှာဖွေနဲ့ သုံးချင်တဲ့
ရှက်စိတ်မျိုးစတာတွေ၊ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီးတော့ ရှက်စိတ်ဆို
တာတွေ၊ အထူးသဖြင့်တော့ ကံ ငါးပါးနဲ့ ပတ်သက်ပြီးတော့ မပြုလုပ်ဘဲ၊
မလွန်ကျူးပဲ ရှက်စိတ်လေးနဲ့ ကိုယ့်ဘဝ ကိုတည်ဆောက်စေချင်တယ်လို့ ဆိုပါတယ်။
ဆွေးနွေးဖြစ်တာတွေကတော့ အရမ်းများပါတယ်။
မှန်ပါတယ်။ ရှက်စိတ်ဟာ မရှက်သင့်တာတွေမှာ တလွဲဆံပင်ကောင်းတာမျိုးဖြစ်တဲ့
ရှက်စိတ်တွေကိုတော့ သိရမယ်၊ ရှောင်ကြဉ်ရမယ်ပေါ့။ ခုနကပြောသလို
မကောင်းမှုတွေကို ပြုလုပ်ရမှာမျိုးတွေဆိုရင်တော့ တကယ်ပဲ ရှက်စိတ်နဲ့
ဆန္ဒကို သိက္ခာနဲ့ထိမ်းနိုင်ရမှာဖြစ်ပါတယ်။ လုပ်ချင်တဲ့ဆန္ဒတွေကတော့
မကောင်းမှုဘက်မှာ ပိုပြီးတော့ များပြားနေခြင်းဟာ ပုထုဇဉ်တို့ရဲ့ဘာဝပါပဲ။
ဒါပေမယ့်လည်း ဒီလို မကောင်းမှုဆိုတာမျိုး လုပ်ချင်တဲ့ဆန္ဒကို
ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ့်ပတ်ဝန်းကျင်၊ အသိုင်းအဝန်းရဲ့ ဂုဏ်သိက္ခာကို
ထိန်းသိမ်းတဲ့အနေနဲ့ မပြုလုပ်မိအောင် ထိန်းသိမ်းနိုင်ရမှာ ဖြစ်ပါတယ်။
နောက် ကိုယ့်အားကိုကိုးပြီးတော့လည်း ဘဝကို အဓိပ္ပာယ်ရှိစွာ
တည်ဆောက်နိုင်ရပါမယ်။ တချို့ကလေး တွေက မိဘရှာဖွေထားတဲ့ ပစ္စည်းဥစ္စာတွေကို
အလွယ်တကူပဲ မရ ရအောင်တောင်းပြီးတော့ အချီးအနှီး သုံးစွဲပစ်တာမျိုးတွေ
ရှိပါတယ်။ ခက်တာက ကိုယ့်အတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ရော
အကျိုးမရှိတဲ့ နေရာမျိုးမှာ သောက်စားမူးယစ်ချင်တာတွေ၊
မသုံးစွဲသင့်တဲ့နေရာမျိုးတွေမှာ အရည်မရ၊ အဖတ်မရဘဲ သုံးစွဲပစ်
ချင်တာတွေကိုလည်း ရှက်စိတ်နဲ့ ထိန်းနိုင်ရမယ်။ ဘယ်လို
ရှက်စိတ်မျိုးလည်းဆိုတော့ ကိုယ့်ရဲ့ အင်အားမပါဘဲ အလွယ်တကူရတာမျိုးတွေကို
ဒီလို အကျိုးမရှိဘဲ သုံးဖြုန်းပစ်လိုက်ခြင်းဟာ ငါလို လုပ်နိုင်၊
ကိုင်နိုင်သူ တစ်ယောက် အနေနဲ့ မလုပ်သင့်ဘူး။ အလွယ်တကူရတာကို
အလွယ်တကူနဲ့ပဲ ဘာမှ အကျိုးမဖြစ်ထွန်းတဲ့နေရာမျိုးမှာ သုံးဖြုန်း
ပစ်လိုက်တာဟာ ရှက်စရာကောင်းပါလားဆိုတဲ့ အသိကို မွေးပြီးတော့ ရှက်စိတ်နဲ့
ထိန်းသိမ်းခြင်းမျိုးပေါ့။
နောက်တစ်ခုက အထက်ကပြောခဲ့သလို တစ်ခါတလေ လူငယ်ဘာဝ
ရူးရူးမိုက်မိုက်လုပ်တာကို ရဲစွမ်းသတ္တိပဲ ဆိုတဲ့အနေအထားနဲ့ သူတစ်ပါးအသက်
သတ်ဖြတ်ရဲတာတွေ၊ သူ့တစ်ပါးပစ္စည်း ခိုးယူရဲတာတွေ၊ သူတစ်ပါးသား မယားကို
စော်ကားမှုစတာတွေ၊ လိမ်ညာပြောရဲတာတွေ၊ အရက်သေစာသောက်စားတာတွေကို
လုပ်ခြင်းဟာ မကောင်းတဲ့ အကုသိုလ်တရားတွေဖြစ်တယ်။ အဲဒါမျိုးတွေ လက်ရဲဇက်ရဲ
ကျူးလွန်မှုမျိုးကို ရဲစွမ်းသတ္တိရှိတယ်လို့ မမှတ်ယူဘဲ၊ ရှက်စိတ်နဲ့
မကောင်းမှုတွေကို မလုပ်ဖြစ်အောင် ထိန်းသိမ်းနိုင်ရမှာ ဖြစ်ပါတယ်။
တချို့ကတော့ လုပ်ရမှာကို မလုပ်ရဲဘဲ ရှက်သလို
ရွံ့သလိုဖြစ်နေတာမျိုးတွေလည်း ရှိပါတယ်။ ကောင်းတဲ့ လုပ်ရပ်မျိုးတွေမှာ
ရှက်စိတ်ဝင်ရင် ရိုက်ချိုးပစ်လိုက်ပါ။ ရိုက်ချိုးပြီးရင်တော့
လူတောတိုးနိုင်တဲ့ လူဖြစ်အောင်၊ ကိုယ့်ရဲ့အစွမ်းအစကို
ဖော်ကြူးနိုင်သူဖြစ်အောင် လုပ်ဆောင်ရပါလိမ့်မယ်။
ဒီလိုမျိုးနေရာတွေမှာတော့ ရှက်စိတ်ရှိရင် ရဲဆေးနဲ့တင်ပြီးတော့
လုပ်ဆောင်သင့်တာတွေကို အကောင်အထည်ပေါ်လာတဲ့အထိ အစွမ်းအစတွေနဲ့ ဖော်ထုတ်
နိုင်ရပါမယ်။
ယဉ်ကျေးမှုမှာလည်း ရှက်စိတ်နဲ့ ထိန်းသိမ်းမှုမျိုးတွေ ရှိပါတယ်။
ဘယ်နိုင်ငံပဲဖြစ်ဖြစ် တစ်ခါတလေ လူ့အခွင့် အရေးဆိုတဲ့ ပေတံကြီးနဲ့
တိုင်းတာတာမျိုးမဟုတ်ဘဲ ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုအနေနဲ့
စောင့်ထိန်းပြီးတော့ ရှက်စိတ်နဲ့ တည်ဆောက်ရတာတွေ ရှိပါတယ်။ အခုခေတ်က
ကိုးရီးယားယဉ်ကျေးမှုတွေနဲ့ အနောက်ယဉ်ကျေးမှု စတာတွေဟာ တစ်ခဲနက်ဆိုသလို
စုပြုံပြီးတော့ ဝင်လာမှုတွေ ရှိပါတယ်။ ဒီတော့ အမျိုးသမီးများအနေနဲ့ ဟိုပေါ်
ဒီပေါ်တွေလည်း ရဲရဲတင်းတင်း ဝတ်လာခဲ့ကြတော့တယ်။ တကယ်တော့ အဲဒါတွေဟာ
အန္တရာယ်တွေပါ။
တချို့ဆို ဘုရားတက် ကျောင်းသွားတွေမှာတောင် ဒီလိုမျိုး မလုံ့တလုံတွေ
ဝတ်ဆင်လာပြီးတော့ သွားခဲ့ ကြတယ်။ ဒီတော့ ဘုရားတွေမှာလည်း အဲဒီလို
အတိုအနှမ်းတွေ၊ ဟိုမလုံ ဒီမလုံစတာတွေကို ဝတ်ဆင်ပြီး မတက်ကြရန်ဆိုပြီး
တားမြစ်တဲ့ဆိုင်းဘုတ်ကြီးတွေ ထောင်ထားခဲ့ရတယ်။ တချို့ကျပြန်တော့လည်း
အဲဒါဟာ သူတို့ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်လေဆိုတာမျိုးနဲ့
လူ့အခွင့်အရေးသမားတွေက ရဲဆေးတင်ပေးတာမျိုးတွေ ရှိပြန်ပါတယ်။
ဟိုတလောလေးက အမျိုးသမီးရေးလှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အယူအဆကတော့
သူ့ကိုယ်ပိုင် လွတ်လပ်ခွင့် သူဝတ်ချင်တာဝတ်မှာ၊ ဒါကို တားမြစ်လို့ မရဘူး၊
ခွင့်ပြုရမှာပဲပေါ့၊ မနေနိုင် မထိုင်နိုင်ဖြစ်ပြီးတော့
ကျူးလွန်တဲ့လူတွေကိုသာ တားမြစ်ရမှာပေါ့ဆိုတဲ့ အယူအဆကြီးနဲ့
ရုပ်သံတစ်ခုမှာ တင်သွင်းသွားခဲ့ပါတယ်။ အဲဒီ သမီးမရှိသေးတဲ့
အပျိုးကြီးတစ်ယောက်ရဲ့ စကားကို ထောက်ခံလိုက်ကြမလား၊
ငြင်းဆိုလိုက်ကြမလားဆိုတာ စောင့်ပြီး နားထောင်ပေမယ့် ဘယ်သူကမှ ထပြီး
ကန့်ကွက်သွားတာမျိုး မရှိပါဘူး။ ဒီတော့ မေးမယ် အဲဒီလို ဝတ်တာ ခင်ဗျားကရော
မကြိုက်ဘူးလားဆိုရင် ကြိုက်တာပေါ့။ ဒါဆို ကြိုက်တာကြီးကို ဘာဖြစ်လို့
အတင်းငြင်းဆို နေခဲ့ တာလဲဆိုရင်တော့ အန္တရာယ်များလွန်းလို့ပါလို့
ဖြေဆိုရမှာပဲ။
မှန်ပါတယ်။ ယဉ်ကျေးမှုဆိုတာ တားဆီးလို့ မရပါဘူး။ ဒါပေမယ့်
ကိုယ့်ရဲ့အနေအထိုင်က ၁၈နှစ်ပြည့်ပြီး ဖြစ်လို့
နေချင်သလိုနေမှာပဲ။အဲဒါလူ့အခွင့်အရေးပဲဆိုရင်တော့
မြန်မာပြည်မှာအဖြစ်များဆုံး မုဒိန်းမှုတွေလည်း ဆက်တိုက်ဆိုသလို
ဖြစ်နေဦးမှာဆိုတာ သိစေချင်ပါတယ်။ ဒီတော့ မဝတ်ရဘူးလို့ မဆိုချင်ပါဘူး။
ဒါပေမယ့် နေရာတကာမှာ ဝတ်ပြီးသွားရင်တော့ တကယ့်ကို အန္တရာယ်ကြီးတစ်ခုကို
ခါးပိုက်ထဲထည့်ပြီး သွားနေခဲ့သူဆိုတာကိုတော့ မမေ့ပါနဲ့။ ရှက်စိတ်လေးတော့
ရှိပါဦးလို့ မှာချင်ပါတယ်။ ရှိုးပွဲသွားတာတွေ၊ ပါတီပွဲတက်တာတွေမှာ
ဝတ်ဆင်မှုမျိုးကို အပြစ်မပြောလိုပေမယ့် ဘုရားတက်၊
ကျောင်းသွားတဲ့အခါမျိုးမှာတော့ ဆင်ဆင်ခြင်ခြင် ဝတ်စားကြပါ၊ မြန်မာ့ရိုးရာ
ယဉ်ကျေးမှုကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ထိန်းကြပါဦးလို့
တိုက်တွန်းချင်ပါတယ်။ ဒါကတော့ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးတော့ ပြောလိုတဲ့
ရှက်စိတ်ပါပဲ။
နောက်တစ်ခုက လူငယ်တွေ အထူးသဖြင့် ယောက်ျားလေးတွေပေါ့။ သူတို့ကိုလည်း
အသိပေးချင်ပါတယ်။ အဲဒါကတော့ အခုတလော မိုက်ရူးရဲဆန်တဲ့ အပြုအမူမျိုးတွေကို
လက်ရဲဇက်ရဲ ကျူးလွန်မှုတွေဟာ နေရာအနှံ့အပြား မှာ တွေ့နေရပါတယ်။
ဟိုတလောလေးက ဖြစ်သွားတဲ့ စားသောက်ဆိုင်တစ်ခုမှာ စားသောက်နေသူကို အေးအေး
ဆေးဆေး ဝင်ရောက်လာပြီးတော့ လူတွေရှေ့မှာ လေးငါးချက်ဆင့်ပြီးတော့ ဓားနဲ့
မသေမခြင်း ထိုးသတ် သွားတာ မျိုးဟာ သတ္တိမဟုတ်ပါဘူး။ မိုက်ရူးရဲဆန်တာပါ။
ရှက်စိတ်ဆိုတာ အဲဒါမျိုး လက်ရဲဇက်ရဲ ကျူးလွန်းမှုတွေ မဖြစ်အောင်
ထိန်းသိမ်းနိုင်မှသာ ရှက်စိတ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။
အဲဒီလိုပါပဲ အခြားအခြားသော အထက်ပေါ်ကပြောခဲ့တဲ့ မကောင်းတာမျိုးတွေကို
လူပုံလည်မှာရော၊ နောက်ကွယ်မှာရော လုပ်ခြင်းမျိုးတွေကို မပြုလုပ်ဖြစ်အောင်
ရှက်စိတ်လေးနဲ့ ထိန်းသိမ်းနိုင်သူများ ဖြစ်ကြပါစေဟု
တိုက်တွန်းချင်ပါတော့တယ်။
မောင်မင်းစိုး
No comments:
Post a Comment