Saturday, July 18, 2015

လူငယ်နဲ့ ဧည့်သည်

တကယ်တော့ လူတိုင်းဟာ ဧည့်သည်တွေပါပဲ။ လူတိုင်းဟာ ခရီးသွားတွေပါပဲ။ လူ့ဘဝဆိုတာကြီးကလည်း ခဏတာတည်းခိုစရာ ဇရပ်တစ်ခုပါပဲ။ ထိုနည်းတူစွာ လူတွေပိုင်ဆိုင်ထားတဲ့ နေရာအသီးသီးဟာလည်း မမြဲပါဘူး။ ခဏတာ ဝင်ရောက်ပြီးတော့ နေထိုင်နေရတဲ့ သာလာယံတစ်ခုဖြစ်ပါတယ်။ ရာထူးတွေ၊ ဂုဏ်ထူးဆိုတာတွေကလည်း ထိုနည်းတူစွာပါပဲ။ ခဏတာလေး ပိုင်ဆိုင်ထားခဲ့ကြခြင်းမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် ဧည့်သည်အဖြစ် ဝင်ရောက် နေရာယူထားတဲ့ ရေတစ်ပွက်စာမျှ ကြာတဲ့စည်းစိမ်လေးကို ဖက်တွယ်နေခဲ့ပြီး ဒါကိုပဲ မြဲတယ်ထင်ပြီး ဆုပ်ကိုင် ထားခဲ့ခြင်းဟာ ဧည့်သည်ဆိုတာ မေ့နေကြလို့ ဖြစ်ပါလိမ့်မယ်။

    အသောဘုရင်ကြီးဟာ အိန္ဒိယအင်ပါယာကြီးကို အကြီးအကျယ် ချဲ့ထွင်ခြင်း၊ အုပ်စိုးလိုခြင်း၊ ပိုင်ဆိုင်လိုခြင်း စတဲ့အကြောင်းတရားတွေကြောင့် ညီအစ်ကိုအချင်းချင်း သတ်ဖြတ်ပစ်တဲ့အထိ အာဏာနဲ့ ခဏတာမျှဖြစ်တဲ့ စည်း စိမ်ကို ယစ်မူးလိုတဲ့အတွက် မလုပ်သင့်တာတွေကို လုပ်ခဲ့မိပါတယ်။ တကယ်လည်း သူမသေခင်ကတည်းက ဒီစည်း စိမ်တွေကို အားလုံးလိုလို စွန့်သွားခဲ့ရပါတယ်။ အထူးသဖြင့်တော့ အာဏာရှင်တွေဟာ အာဏာကိုလက်ကိုင်ပြီးတော့ မလုပ်သင့်တာတွေကို လက်ရဲဇက်ရဲလုပ်တတ်ကြပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက အာဏာရှင်နိုင်ငံတွေကို လေ့လာ ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ တကယ်တော့ သူတို့ဟာ ဧည့်သည်ဆိုတာ မေ့လျော့နေခဲ့ပြီး ထာဝရဆိုတာမျိုးကို ဆုပ်ကိုင်ခဲ့လို့ ဒီလိုမျိုး အပြစ်အမျိုးမျိုးကို ကျူးလွန်ခဲ့ကြခြင်း ဖြစ်ပါတယ်။

    လူ့အသက်ဆိုတာကလည်း တကယ်တော့ ဘာမှမကြာလှပါဘူး။ အားလုံးလိုလို တစ်နေ့တော့ အရာအား လုံးကို စွန့်လွှတ်ပြီးတော့ ထွက်သွားကြရမယ့် ဧည့်သည်တွေပါပဲ။ ဆိုတော့ မိမိတို့အနေနဲ့လည်း ခဏတာလေးမျှသာ ဝင်ရောက်တည်းခိုနေထိုင်ကြတဲ့ လူ့ဘဝဆိုတဲ့ ဇရပ်လေးကို ဖက်တွယ်ပြီးတော့ မလုပ်သင့်တာတွေ မလုပ်မိအောင် သတိထားပြီး ရှောင်ကြဉ်နိုင်ဖို့ လိုအပ်ပါတယ်။

    ဒီလိုခဏလေးမှာ လူသားဆန်တဲ့၊ လူသားပီသတဲ့ အပြုအမူ အပြောအဆို၊ လုပ်ဆောင်မှုတွေနဲ့ ရှင်သန် ကြဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာ၊ စည်းစည်းလုံးလုံးနဲ့ နေထိုင်သွားကြဖို့ပါပဲ။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ သာရဏီယတရား အမြဲတမ်းလိုလို သတိထားပြီးတော့ နေထိုင်သွားရမယ့် အချက်အလက်တွေ ရှိပါတယ်။ အဲဒီအချက်အလက်တွေနဲ့ နေထိုင်သွားကြမယ်ဆိုရင် လူ့ဘဝဆိုတဲ့ ခဏတာခရီးလေးမှာ အဓိပ္ပာယ်ရှိတဲ့ ရှင်သန်မှုတွေနဲ့ နေထိုင်သွားသူများ ဖြစ်ကြပါလိမ့်မယ်။

    ၁။ မျက်မှောက်မှာပဲဖြစ်ဖြစ်၊ မျက်ကွယ်မှာပဲဖြစ်ဖြစ် အချင်းချင်းအပေါ်မှာ ကာယကံမေတ္တာတွေ ထားရမယ်။
    ၂။ မျက်မှောက်မှာပဲဖြစ်ဖြစ်၊ မျက်ကွယ်မှာပဲဖြစ်ဖြစ် အချင်းချင်းအပေါ်မှာ ဝစီကံမေတ္တာတွေ ထားရမယ်။
    ၃။ မျက်မှောက်မှာပဲဖြစ်ဖြစ်၊ မျက်ကွယ်မှာပဲဖြစ်ဖြစ် အချင်းချင်းအပေါ်မှာ မနောကံမေတ္တာတွေ ထားရမယ်။
    ၄။ တရားသဖြင့် ရရှိထားတဲ့ စည်းစိမ်တွေကို အတူတကွ မခွဲခြားဘဲ သုံးဆောင်ရမယ်။ အောက်ထစ်ဆုံး အနေနဲ့ ထမင်းလေးတစ်နပ်လောက်ကိုပဲ အတူတကွ သုံးဆောင်နိုင်ကြရမယ်။
    ၅။ မျက်မှောက်မှာပဲဖြစ်ဖြစ်၊ မျက်ကွယ်မှာပဲဖြစ်ဖြစ် အချင်းချင်းအနေနဲ့ ကောင်းတဲ့ကိုယ်ကျင့်သီလတူညီ နေကြရမယ်။
    ၆။ မျက်မှောက်မှာပဲဖြစ်ဖြစ်၊ မျက်ကွယ်မှာပဲဖြစ်ဖြစ် အချင်းချင်းအနေနဲ့ ကောင်းတဲ့အယူအဆ တူညီ နေကြရမယ်။ ဒီခြောက်ပါးကို လိုက်နာကျင့်သုံးနေထိုင်ကြမယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက် ခွင့်မလွှတ်နိုင်စရာ မရှိပါဘူး။ သည်းမခံနိုင်စရာ မရှိပါဘူး။ ဆိုပြီး မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့ပါတယ်။

    ဒါဟာ လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့အခါ အသားအယောင်မခွဲခြားဘဲ နေထိုင်သွားနိုင်ခဲ့မယ် ဆိုရင် မုချအနေနဲ့ အကျိုးဖြစ်ထွန်းမယ့် အချက်အလက်တွေပါပဲ။ ဒါဟာ အရေးကြီးပါတယ်။ လောကကို ငြိမ်းချမ်း မှုဆီ တွန်းပို့နိုင်တာဟာ အချင်းချင်း အပြန်အလှန်လေးစားခြင်း၊ ယုံကြည်ခြင်း၊ မေတ္တာထားခြင်းဆိုတဲ့ တရားတွေက သာ ငြိမ်းချမ်းမှုဆီကို ရောက်စေမှာ ဖြစ်ပါတယ်။ ဒီလို မဟုတ်ရင်တော့ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံစသဖြင့် အကွဲကွဲအပြားပြား ဖြစ်စေနိုင်ပါတယ်။ ဒီတရားကို မြတ်စွာဘုရားရှင်အနေနဲ့ အရှင်အာနန္ဒာ ကို ဟောကြားထားခဲ့ခြင်းဟာလည်း အချင်းချင်း ကွဲပြားမှုကို အကြောင်းပြုပြီးတော့ ဟောတော်မူခဲ့ခြင်းဖြစ်ပါတယ်။

    တစ်ခါက မြတ်စွာဘုရားရှင် သာမရွာမှာ သီတင်းသုံး နေထိုင်တော်မူပါတယ်။ အဲဒီအချိန်မှာ နာဋရဲ့သား နိဂဏ္ဍဆိုသူ ကွယ်လွန်အနိစ္စရောက်သွားခဲ့တယ်။  သူသေလွန်တော့ အချင်းချင်း ဝါဒရေးရာတွေ မတူညီကြတော့ဘဲ အကွဲကွဲ အပြဲပြဲဖြစ်သွားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အရှင်အာနန္ဒာက မြတ်စွာဘုရားကို လျှောက်ပါတယ်။
    ''မြတ်စွာဘုရား၊ တကယ်လို့များ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသွားခဲ့ရင် သံဃာတော်တွေရဲ့ ငြင်းခုံမှုဆိုတာ မဖြစ်စေလိုပါဘူး။ တကယ်လို့ သံဃာတော်တွေများ ကွဲပြဲသွားမယ်ဆိုရင် လူနတ်ဗြဟ္မာသတ္တဝါတွေရဲ့ အစည်းအပွားတွေအားလုံး အကျိုးမဲ့ဖို့၊ အစီးအပွားမဲ့ဖို့၊ ဆင်းရဲဖို့သာဖြစ်ပါတယ်'' ဆိုပြီး မြတ်စွာဘုရားကို လျှောက် ထားခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားရှင်က ငြင်းခုံမှုဖြစ်ပေါ်နိုင်တဲ့ အခြေခံအချက်အလက် ခြောက်ပါး ကို ဟောပြခဲ့တယ်။

    ၁။ အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်းရှိသူ။
    ၂။ ကျေးဇူးတရားမသိဘဲ ချေဖျက်လိုသူ၊ ပြိုင်ဆိုင်မှု ပြင်းပြင်းပျပျ ရှိသူ။
    ၃။ မနာလို၊ ဝန်တိုလေ့ရှိသူ။
    ၄။ ကောက်ကျစ်စင်းလဲလေ့ရှိသူ။
    ၅။ အလိုဆိုးရှိပြီး အယူအဆမှားယွင်းသူ။
    ၆။ မိမိကိုယ်ကိုယ်သာ ရှေ့တန်းတင်ပြီး အခြားသူများရဲ့ အယူအဆကို ငြင်းပယ်လေ့ရှိသူ။ အဲဒီလူတွေ ကြောင့် အကွဲအပြဲ ဖြစ်နိုင်တယ်။ ဆင်ခြင်တုံတရားမဲ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဒီအခြေခံတွေကို ကျင့်ကြံမယ်ဆိုရင် တော့ သူ့ရဲ့လှုံ့ဆော်မှု၊ တိုက်တွန်းမှုကြောင့် ကွဲပြားသွားစေနိုင်တယ်။

    ဒါဟာ အရမ်းပဲအရေးကြီးပါတယ်။ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ အခြား လူမှုရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ အရေးကိစ္စတွေမှာပဲဖြစ်ဖြစ် ဒီလိုလူမျိုးတွေ မင်းမူနေမယ်၊ ကြီးစိုးနေမယ်ဆိုရင်တော့ အဲဒီအသင်းအပင်း၊ အဖွဲ့အစည်း ဟာ မုချပျက်စီးယိုယွင်းမှုတွေဆီကို ရောက်သွားပါလိမ့်မယ်။ နိုင်ငံရေးမှာဆို ပါတီတွေအနေနဲ့ သတိထားရမယ့် အချက်ပါပဲ။

    လွှတ်တော်အမတ်မင်းများဟာလည်း လွှတ်တော်ကြီးဟာ မိမိအတွက် အမြဲတည်ရှိနေမယ့် နေရာမဟုတ်ပါဘူး။ ထိုနည်းတူစွာပါပဲ ဝန်ကြီးဌာနအသီးသီးက ဝန်ကြီးတွေဟာလည်း အဲဒီနေရာဟာ အမြဲတန်းမိမိအတွက် တည်ရှိနေမယ့် နေရာမဟုတ်ပါဘူး။ ဒါကို သိစေချင်ပါတယ်။ မေ့လျော့နေလို့ မဖြစ်ပါဘူး။ အဲဒီရာထူးတွေ၊ နေရာတွေဟာ ဇရပ် တစ်ခုမျှသာ ဖြစ်ပါတယ်။ အခြားအခြားသော သမ္မတစတဲ့ အုပ်ချုပ်ရေးဌာနအသီးသီးက လူတွေလည်း မိမိနေရာ ဟာ အမြဲတည်ရှိနေမယ့် နေရာမဟုတ်ပါဘူး။ မိမိတို့ဟာ ခဏလေးမျှတာ အုပ်ချုပ်ရေးတာဝန်ကို ယူထားကြသူ များသာ ဖြစ်ပါတယ်။ ဧည့်သည်တွေပါပဲ။ ဒါကြောင့် ရာထူးတည်မြဲဖို့၊ နေရာမပျောက်ဖို့ဆိုပြီးတော့ မလုပ်သင့်တာ တွေ မလုပ်မိအောင်နေထိုင်ကြဖို့ အရေးကြီးသလို၊ မိမိတာဝန်လေးကို အကောင်းမွန်ဆုံးဖြစ်အောင် ထမ်းဆောင် သွားကြဖို့ လိုအပ်ပါတယ်။

    တစ်ခါက ဘုရင်ကြီးတစ်ပါးရဲ့ ဆရာတစ်ပါးဟာ နန်းတော်ထဲကြွိုကွလာတယ်။ မင်းဆရာဆိုတော့ ဘယ်သူ မှလည်း မတားရဲပါဘူး။ နန်းတော်ထဲရောက်တော့ ရှင်ဘုရင်ဖြစ်သူက မိမိဆရာကြွလာတယ်ဆိုတော့ ''ဘာများ အလိုရှိသလဲ'' မေးတာပေါ့။ ဒီတော့ မင်းဆရာဖြစ်သူက သူ့အနေနဲ့ ဒီဇရပ်မှာ ခဏလေးတည်းခိုနေထိုင်ဖို့ ပြောပါတယ်။ ဒီတော့ မင်းကြီးက ဒါက ဇရပ်မဟုတ်ဘူး။ နန်းတော်ဖြစ်တယ်ဆိုပြီး ပြန်လျှောက်လိုက်တယ်။ ဒီစကားကို ကြားတော့ မင်း ဆရာက ဘုရင်ကို မေးခွန်းတွေ မေးပါတယ်။

    ဒီနန်းတော်မှာ မင်းဘုရင်မဖြစ်ခင်က ဘယ်သူတွေ နေထိုင်ပြီး အုပ်ချုပ်သွားသလဲ၊ မင်းအဖေအရင်ကရော၊ မင်း အဘိုးအရင်ကရော ဘယ်သူနေထိုင်ပြီး အုပ်ချုပ်သွားခဲ့သလဲစသဖြင့် မေးမြန်းပြောဆိုမှုတွေ လုပ်တော့မှ ဘုရင်လည်း ဘာမှ မပြောရဲဘဲ နေနေခဲ့ရတယ်။

    ''အေး၊ ဒါဆို ဒီနန်းတော်ကြီးမှာ လူတွေ မမြဲဘဲတစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲပြီး နေထိုင်သွား ခဲ့ကြတာပဲဆိုတော့ ဒီနန်းတော်ကြီးဟာ လူတစ်ယောက်အတွက် မြဲတာမှမဟုတ်တာ၊ ဇရပ်ကြီးပဲမဟုတ်လား''လို့ ပြောလိုက်ပါတယ်။

    ဟုတ်ပါတယ်။ မိမိတို့ အားလုံးဟာ ဧည့်သည်တွေပါပဲ။ လူငယ်တွေလည်း တစ်နေ့ဒီနေရာ ရောက်လာကြ မယ်။ ဒါပေမယ့် နောက်ထပ်လူငယ်တွေရောက်လာရင် ဖယ်ပေးရမယ်။ ဧည့်သည်တွေပါ။ ဒါကြောင့် အဓိပ္ပာယ်ရှိ ရှိ နေထိုင်သွားစေချင်ပါတယ်။

မောင်မင်းစိုး
((family- ဇူလိုင်၊ ၂ဝ၁၅)

No comments: