Monday, October 5, 2009

အဆက်စပ်မဲ့ စကားလုံးများကို ထုဆစ်ခြင်း(၆)

နံရံပေါ် ရောက်စုံပြက္ခဒိန်တစ်ချပ် ပြက္ခဒိန်ထဲက အမေ့ရုပ်ပုံ စပါယ်တွေ ဝေလို့ အဖေဟာ စပါယ်တွေလို ဖြူစင်နေခဲ့တယ်။ အမေ့ရဲ့တည်ကြည်မှုက ပညာရှိဆန်ပြီး ငါ့ကို အရိပ်တကြည့်ကြည့် အမေဟာ မြန်မာဆန်တယ် ရဲရင့်တယ် အမေ့ရဲ့မေးရိုးတွေတောင့်တင်းခိုင်မာပြီး မချိပြုံးက လောကကြီးကို လှပစေချင်တဲ့ သဘောဆောင်တယ်။ အမေ့မျက်နှာပေါ နှင်းဆီရောင်သန်းနေတဲ့ အရောက်တွေက ငါ့ကို ရဲရင့်စေခဲ့တယ်။ အမေဟာ သားသမီးတွေကို ချစ်လို့ သားသမီးတွေကလည်း အမေ့ကိုချစ်တယ် အမေဟာ အနာဂတ်ကို မျှော်ကြည့်တတ်ပြီး ငြိမ်းချမ်းမှုကို လိုလားတယ် ဘာသာတရားကိုင်ရှိုင်းပြီး နုညံ့ပျော့ပြောင်းတယ် ကိုယ်ချင်စာတရားရှိတယ် လွတ်လပ်မှုကို မြတ်နိုးတယ် လောကဓံကို အန်တုနိုင်ခဲ့တယ် အမေဟာအလင်း ရာင်ကို မြတ်နိုးပြီး အမှောင်ထုကို စက်ဆုပ်တယ်။ အမေဟာ ကျိန်စာမိနေသူ တစ်ယောက်လို မတုန်မလှုပ်ထိုင်လို့ အတွေးတွေ စကြာဝဠာတစ်ခုလုံးနှံ့ပြီး မျှော်လင့်ချက်တွေ အဆီတ၀င်းဝင်း အမေဟာ ဆယ့်နှစ်လပြက္ခဒိန်ရဲ့ ကိုယ်ရံတော်ဖြစ်ပြီး နေ့ရက်တွေနဲ့ဝေးနေခဲ့တယ်။ အမေဟာဟန်ဆောင်မှု ကင်းမဲ့တယ် ပွင့်လင်းမှုကို လိုလားတယ် ရိုင်းပြမှုကို စက်ဆုပ်တယ် ရိုင်းပင်းမှုကို မြတ်နိုးတယ် အမေဟာ ငါ့တို့အတွက် ဘုရားသခင်ဖြစ်လို့ ခေါင်းရင်းက ပြက္ခဒိန်မှာ နှစ်စဉ်နေရာယူခဲ့တယ်. အမေဟာ အဘိုးခြေရာနင်းလို့ အမေ့ဘ၀ဟာ ခန့်ညားထယ်ဝါခဲ့တယ် အမေ့ကျောင်းကို တက်တုန်းက ကောင်းကင်ကို မော့ကြည့်ပြီး ကြယ်တွေရဲ့အမည်ကို ပြောပြခဲ့တယ် “ ကြယ်တွေဟာ ညမှာထွက်ကြပြီး နေ့မှာ ပျောက်ဆုံးနေခဲ့တယ် သူတို့မှာ ကိုယ်ပိုင်အလင်းရောင်မရှိကြဘူး” အမေပြောလို့ သိခဲ့ရတယ်။ အမေဟာကျွန်တော့ကို ပုခက်ထဲထည့်လွှဲတော့ အမေ့ရဲ့မေတ္တာ ဓာတ်တွေ ပုခက်ကြိုးထဲကနေ ရင်ထဲထိ စီးဆင်းနေခဲ့တယ် အမေဟာ ကျွန်တော့ကိုတိတ်ရင် “ သစ္စာ ” သီချင်နဲ့ ဆိုတိတ်ခဲ့တယ်။ အမေပြောပြတဲ့ တစ်ထောင့်တစ်ည ပုံပြင်တွေ ဇာတ်နိပါတ် ၀တ္ထုတွေ အခုတော့ ဗြဟ္မဒတ်မင်းကြီးအကြောင်းတောင် မကြားခဲ့ရတာ ကြာခဲ့ပြီ။ အမေဟာ ကျွန်တော့်ကို အနေမြတ်အောင် သင်ခဲ့တယ် အသေမြတ်အောင် သင်ခဲ့တယ် လမ်းလျောက်တတ်အောင် သင်ခဲ့တယ် မှတ်ကျောက်တင်ခံရအောင် သင်ခဲ့တယ် အမေဟာ ဥယျဉ်မှုးကြီးလည်းဖြစ်ခဲ့ပေါ့ အမေဟာ လူသားချင်းစာနာထောက်ထားလို့ အမေ့ရဲ့လက်တွေ ရက်ရောခဲ့တယ် အမေဟာ လောကကြီးကို ခါးစောင်တင်ပြီး ငါတို့အတွက် တိုက်ပွဲဝင်ခဲ့တယ် အမေဟာ ယောက်ျားတွေကို တုပပြီး ရင်ဘောင်တန်းနိုင်ခဲ့တယ်။ အမေဟာ ရာဇ၀င်ကို နိုင်ပြီး ဥပဒေတွင်းမှာ နေထိုင်ခဲ့တယ်။ အမေ့ရှေ့က ထိုင်သူမဲ့ ထိုင်ခုံကိုငေးလို့ ပြုံးနေခဲ့တယ် ထိုင်ခုံပေါ်တွယ်ကျနေတဲ ငုဝါပန်းတွေ အရောင်တွေဖျော့လို့ ကြွေကျမဲ့သဘောဆောင်ပြီး ပြက္ခဒိန်အသစ်တစ်ခု တောင်းဆိုနေတယ် အမေဟာ မထင်ရှားတဲ့မြို့မှာ နေထိုင်လို့ ရေဆန်ကို လှော်တက်ခဲ့ရတယ် အမေဟာ မေတ္တာရှင်လည်းဖြစ်တယ် ဥပေက္ခာဝါဒီလည်းဖြစ်တယ် ကရုဏာရှင်လည်းဖြစ်တယ် အမေရဲ့ အသက်တွေကြီးရင့်ပေမယ့် စိတ်တွေနုပျိုနေဆဲ အမေ့ရဲ့ အရိပ်ဖြာနေတဲ့ သစ်ပင်အောက် ငါတို့နားလိုးလို့ စိတ်တွေ ကူးစက်ခဲ့တယ်။ အခုတော့ အမေ့ရဲ့ခြေလက်တွေ မသန်းစွမ်းသလို ပါးစပ်တွေ ဆွံ့အနေခဲ့တယ် မျက်စေ့တွေေ၀၀ါးနေသလို နားတွေထိုင်းနေခဲ့ရပြီ အမေဟာ အိုမင်းမစွမ်းလို့ အိမ်လည်မထွက်နိုင်တာတောင်ကြာခဲ့ပေါ့ ကျွန်တော့်အခန်းရဲ့ နံရံပေါ် အမေ့ရဲ့ပြက္ခဒိန်တွေရှိနေဦးမှာပါ အမေ့ပြက္ခဒိန်ကို ကြည့်ရင်း မျက်နှာတစ်ပြင်လုံး မျက်ရည်ပူတွေ။ အချိန်ရဲ့မျဉ်းများ အခါလွန် အတွေးများ၊ တန်းဖိုးမဲ့ကာလများ၊ ထောက်တည်ရာမဲ့နေ့ ရက်များ၊ ရှင်းလေရှုပ်လေ ပြဿနာများ၊ ထူးထွေဆန်းပြား လာသော တီထွင်ဆန်းသစ်မှုများ၊ အရောင်မဲ့ ဆာလောင်မှုများ၊ ကံကြမ္မာ ကောက်ကြောင်းများ၊ ရှင်းထုတ်ရခက်နေသော အတောင်မပါတဲ့ စကားလုံးများ၊ လာခြင်းမကောင်းသော လူ့ဘ၀တန်ဖိုးမဲ့ အရာများ၊ ခံတပ်များ အဆင့်ဆင့် ပြိုလဲနေသော ပြိုင်ပွဲများ၊ အရင်းရှင်ခေတ်ကို ပြန်လည်ဦးမော့နေသော ဈေးကွက်စီးပွား ရေးများ၊ စနစ်ရဲ့ ငိုယိုခဲ့ရသော သမိုင်းစာမျက်နှာ များ၊ ရုပ်ဝတ္ထုများနှင့် အပြိုင်ကျဲနေရသော စိတ်ဓာတ်ပြောင်းလဲရေး အသံများ၊ ခင်မင်မှုနှင့် သစ္စာခံမှုဖြင့် တည်ဆောက်ထား သော လူ့အကျင့်စရိုက်များ၊ အမှန်တရားများ ကွယ်ပျောက်လာသော ခေတ်ကာလအခြေအနေများ၊ လုံခြုံရေးနှင့် နပန်းလုံး နေရသော စစ်မျက်နှာပြင် လုံးထွေးနေမှုများ၊ အဆင့်ဆင့် ခေါင်းခဲနေရသော ကမ္ဘာ့လူတုပ်ကွေး ရောဂါသည်များ၊ အိုဇုန်း လွှာနှင့် အန္တာတိကတိုက်ရှိ ရေခဲများ အရေပျော်ကျ နေသော ဆိုးကျိုးများ၊ နျူကလီးယား ဇုန်းမှာ အသံတိတ်လည်ပတ်နေတဲ့ ယန္တရားများ၊ တစ်ခါက ဆိုတဲ့ မရေရာတဲ့ စကားလုံး ခြိမ်းခြောက်မှုများ၊ သီအိုရီကို ခေါင်းပေါ်တင်ပြီး အခြေအနေများကို ဖန်းတီးတည်ဆောက်မှုများ၊ ကာလပေါ်တေးသွားများ တစ်စစီ ပြိုလဲနေခဲ့သော ဟစ်အော်သံများ၊ လူတစ်ယောက် အတွက် အချိန်ကာလနှင့် အကျင့်စရိုက်များ ထိုးကျွေးနေခဲ့ရတဲ့ အရိပ်မဲ့ လှုပ်ရှားနေမှုများ၊ ထင်ယောင်မှား များနှင့် ဂဏန်းများကို ဆော့ကစားနေခဲ့သော ဂိမ်းပွဲများရဲ့ မသေချာမှုများ၊ အလစ်ဝင်တိုက်ရင်း ကိုယ်တိုင်တရား ခံဖြစ်နေခဲ့ရတဲ့ ပါပမိစ္ဆာများရဲ့ မသေချာတဲ့ စိုးရိမ်းမှုများ၊ အလင်းနှစ်သန်းတစ်ထောင်သို့ ရွေ့လျားပြီး အပြိုင်လင်း လက်နေတဲ့ ရယ်ဖွယ်ဖွဲ့ စက်ဆုပ်ဖွယ်များ၊ ဒီလိုနဲ့ အချိန်ရဲ့ မျဉ်းများ တရွေ့ ရွေ့……။ အမှောင်ကလာပြီး အမှောင်ကို သွားမည့် လူ။ အမှောင်ကလာပြီး အလင်းကို သွားမည့် လူး။ အလင်းကလာပြီး အမှောင်ကို သွားမည့် လူ။ အလင်းကလာပြီး အလင်းကို သွားမည့် လူ။ ယုတ်နိမ့်ပြီး ဆက်လက် နိမ့်ကျနေမယ့် လူ။ ယုတ်နိမ့်နေသော်ငြား မြင့်မြတ်မည့် လူ။ မြင့်မြတ်သော်လည်း ယုတ်နိမ့်မည့် လူ။ မြင့်မြတ်ပြီး လူကြီးလူကောင်ဆန်ပြီး မြင့်မြတ်မည့် လူ။ ချုန်းသာချုန်းပြီး မရွာတဲ့ မိုး။ ရွာကရွာ၏ မချုန်းသော မိုး။ ချုန်းလည်း မချုန်း ရွာလည်းမရွာ သော မိုး။ ချုန်းလည်းချုန်း ရွာလည်းရွာတဲ့ မိုး။ တိမ်လျက် နက်ရောင်ရှိသော ရေအိုင်။ နက်လျက် တိမ်ရောင်ရှိသော ရေအိုင်။ တိမ်လျက် တိမ်ရောင်ရှိသော ရေအိုင်။ နက်လျက် နက်ရောင်ရှိသော ရေအိုင်။ အဲဒီလိုမျိုး ဘုရားဟောများ ရှိခဲ့တယ်။ ဒီတော့ ခင်ဗျားနဲ့ ကျွန်တော် ကိုယ့်စစ်တမ်းကို ကောက်ဖို့ လိုတယ်။ မနေ့က ဘာဖြစ်ခဲ့တယ် မနက်ဖြန် ဘာဖြစ်ဦးမယ် မသိချင်ဘူး ဒီနေ့ နေပူတယ်။ အလိုဆန္ဒနဲ့ တပ်မက်မှုတွေ တောထနေတဲ့ ညထဲ မင်းလဲ ဒီလိုပဲ ကွယ်ပျောက်သွားဦးမှာလား။ ဘယ်နတ်ဒေဝါမှလည်း ငါ့ဘေးမှာ မရှိဘူး ဘယ်တန်ခိုးရှင်ကိုမှလည်း ငါ မတောင်းတဘူး ငါ့စိတ်နဲ့ငါ့ကိုယ် သဟဇာတဖြစ်ဖို့ ငါကိုယ်တိုင် ထွင်းထုရမယ်။ ပိတောက်တွေ ပွင့်လိုက် မိကျောင်းပန်းတွေ ပွင့်လိုက် သဇင်တွေ ပွင့်လိုက် ပန်းတွေပွင့်တိုင်း ငိုကြွေးခဲ့ရတယ်။ မိုင်ပေါင်းထောင် သောင်းမက ဝေးကွာနေတဲ့ အာကာသဟင်းလင်းပြင်ထဲ ကြယ်တစ်ပွင့်ရဲ့ ဈာပနဟာ ဆိုနင့်ကြေကွဲလို့။ မေမေရေ... သားရဲ့ ဒဏ်ရာက တစ်နေ့တစ်ခြား ပိုဆိုးလာနေခဲ့တယ်။

မောင်မင်းစိုး


အဆက်စပ်မဲ့ စကားလုံးများကို ထုဆစ်ခြင်း အဆက် တစ်ခန်းရပ်

No comments: