Monday, October 5, 2009

အဆက်စပ်မဲ့ စကားလုံးများကို ထုဆစ်ခြင်း(၄)

“ အဖေဘယ်တော့ပြန်လာမှာလဲ” “ လာမှာပေါ့ကွ” ညီလေးရဲ့ ရိုးသားလှတဲ့ မေးခွန်းတွေကို မုသာဝါဒဆိုတဲ့ အနံ့ဆိုးတွေနဲ့ ရောနှောပစ်ခဲ့တယ် တကယ်တော့ အဖေဟာ အိမ်ရာသစ်ထူထောင်ခဲ့ပြီ။ “ အမေရော” “သူလဲပြန်လာမှာပေါ့ကွ” အမေ့ဈေးတောင်းအောက်က ခေါင်းခုလေးဟာ မင်းအတွက်ချုပ်ပေးထားတဲ့ ဘောင်းဘီစုပ်လေး အမေ့မြေပုံပေါ် ကျခဲ့တဲ့ မျက်ရည်စတွေ အခုထိ မခမ်းခြောက်သေးဘူး။

“ ညညထမင်းလာတောင်းတဲ့ လူကြီးက အရူးကြီးလား ” “ အေးအေး ” အချစ်အတွက်နဲ့ စိတ်ဖောက် ပြန်သွားတဲ့ အစ်ကိုအကြီးဆုံး ကိုကြီးမျိုးဟာ မင့်ရဲ့အစ်ကိုဆိုတာ ဘယ်လိုပြောထွက်မှာလဲ “ ထီပေါက်ရင် အင်္ကျီဝယ်ပေးမယ်ဆို ” “ ၀ယ်ပေးမှာပေါ့ကွ ” စီးကျခဲ့တဲ့ မျက်ရည်စတွေကို မင်းမမြင်အောင်ဖုံးကွယ်လို့ နပ်မှန်အောင်တိုက်ပွဲဝင်နေခဲ့တဲ့ ၀မ်းရေးအတွက် ကံကြမ္မာကရဲ့ အလှည့်အပြောင်းဟာ တစ်နေ့တော့မင်းလည်း လူကြီးဖြစ်လာဦးမှာပဲ ဆာလောင်နေတဲ့ အသံတွေနဲ့ ညည အိပ်မပျော်မှုတွေဟာ မင်းအန်ကြိတ်တာထက် ပြင်းထန်လွန်းပါတယ် တကယ်တော့ ငါ့တို့နှစ်ယောက်ဟာ ဥမကွဲသိုက်မပျက် လောကဓံရယ် ကျီစယ်မှုကို တွန်းလှန်ရင်း မင်းကို ပိုးမွေးသလို မွေးမြူပါ့မယ် နောက်ထပ်မေးခွန်းတွေနဲ့ ထပ်ပြီး မနှိပ်စက်ပါနဲ့တော့လား ညီလေး။ ပျောက်ဆုံးနေတဲ့ စိတ္တဇပန်းချီကားများ နေ့လည်ခေါင်မှာ လမ်းလျောက်ရတာ မောတယ် ဘ၀သစ်ကို စတင်ခြင်း တမြေ့မြေ့ ကြီးထွားလာတဲ့ အကျင့်ပျက်ကို လက်ခံဖို့ရန် ညင်းဆိုခဲ့တယ်။ ရယ်မောဖို့ဖြစ်တည်လာသော အတွေးများနဲ့ ဒဏ်ရာရလာတာကို ကြိုဆိုခဲ့တယ် တစ်နေ့ပြီးသွားမယ်ဆိုတာ သိရဲ့နဲ့ အဆုံးကိုကြောက်ရွံ့နေတာဟာလဲ လူ့ဘ၀ရဲ့ အရသာလို့ သိခဲ့တယ် ဖြစ်ချင်တိုင်းဖြစ်ခွင့်မရတဲ့ ကုသိုလ်မျိုး မလိုချင်ဘူး လူသေတိုင်းအော်ဟစ် ငိုကြွေးရတဲ့ ဘ၀ကိုကြောက်တယ် လူ့ဘ၀ဆိုတာ လုနေရတဲ့ ဘ၀ဆိုတော့ အနာဂတ်မှာ အနာတွေရပ်တန့်သွားအောင် လုပ်နေရတယ် အဝေးက နေရောက်ခြည်ဟာ ရင်ညွန့်ထဲကို ထိုးကျမလာဘူး ထတောက်နေတဲ့ မီးလျှံကို မသေစေနဲ့ လမ်းလျောက်ရင်း လမ်းပျောက်နေတဲ့ ဘ၀တွေကို လမ်းမဖျောက်ပစ်ရင်ကောင်းမယ် ဥပါဒ်ဖြစ်နေတဲ့ တက်မက်မှုတွေကို ရှာဖွေရင်း ရေကြည်ရာ မြက်မနုခဲ့ဘူး အလင်းနှစ် သန်းတစ်ထောင်ဆိုပေမယ့် အမှောင်တွေပဲ ကြီးစိုးနေခဲ့တယ်။ အမှန်သိမြင်ဖို့ အမှန်တွေလိုအပ်တယ် စစ်ကိုစစ်နဲ့ တုန့်ပြန်လို့မရဘူး။ ဆိုတော့ လွင့်နေတဲ့ စိတ်တွေစုစည်းလိုက် အခြေအနေအရ နေထိုင်နေရပေမယ့် အခြေအနေတွေ မချေဖျက်နိုင်သေးဘူး။ ၀ိပဿနာ ပညာမဲ့နေတဲ့ စိတ္တဇနာမ်ဟာ ဘယ်တော့မှ အကောင်းမမြင်ဘူးဆိုတာမှန်တယ် အလိုမပြည့်တိုင်း ဒုက္ခဖြစ်တယ်ဆိုရင် ဒုက္ခဖြစ်တိုင်း အလိုမပြည့်ဘူးပေါ့ ဒီတော့ စိတ်နာတယ်ဆိုလည်း နာနေတဲ့စိတ်တွေ မကုသချင်တော့ဘူး လေဟာနယ်မှာ မမြင်ရတဲ့ အသံတွေကြားနေရတယ် ကုစားလို့မရတဲ့ ရောဂါများ အော်ဟစ်လို့မရတဲ့ ဆာလောင်မှုများ ဖော်ပြလို့မရတဲ့ ဒဏ်ရာများ ရေးဆွဲလို့မရတဲ့ ပန်းချီကားများ တွန်းလှန်လို့မရတဲ့ ဝေဒနာများ ပြောဆိုလို့မရတဲ့ စကားလုံးများ ပျံသန်းလို့မရတဲ့ အတောင်ပံများ နေထိုင်ခြင်းမှာ စည်းတွေရှိခဲ့တယ်။ ဘ၀ကို ခေါစာချကျွေးရင်တောင် ဘယ်ခွေးလေလွင့်ကမှ လာစားမှာမဟုတ်ဘူး။ အဲဒီလို ကျိန်စာသင့်နေတဲ့ လူသားတစ်ယောက်ဟာ ကမ္ဘာမြေပေါ်မှာ အခြေအနေအရ နေထိုင်နေခဲ့ရပါတယ်။ လဲကျတိုင်း ပြန်ထဖို့ကြိုးစားခဲ့တယ် ကံကြမ္မာက မျက်နှာသာမပေးဘူး သွေးရဲရဲ သားရဲရဲ စိတ်ကူးတွေ လဲကျသေဆုံး ဦးနှောက်ခြောက်တယ်။ အရေပြားဆန်လာတဲ့ လောကကြီးထဲ ဘ၀ကို မိတ္တူကူးတော့မှုန်တယ် တစ်နေကုန်ထိုင်ဆေးနေတာတောင် စိတ်ကမဖြူဘူး ဒီလူထဲမှာ မွမ်းကျပ်တယ်။ လေထုညစ်ညမ်းနေတဲ့ ကောင်းကင် ဘယ်တော့လင်းမှာလဲ ခူးဆွတ်ပြီး ကြယ်တွေစုပုံဖို့ ချူတံတိုနေတယ် အသွားအပြန်မရှိတဲ့လမ်းဆုံးမှာ ၀ပ်ကျဉ်းထဲဝပ်လို့ လက်နှစ်ဖက်ကို ဆန့်တန်းထားလိုက်တယ်။ အဓိပ္ပါယ်ဆိုတာ ဘာမှမရှိဘူး အလှအပနဲ့ ကျန်းမာရေးဆိုတာ ငါ့အတွက်မလိုအပ်ဘူး။ မိန်းမဆိုတာကလည်း ဖက်ကြမ်းဆေးလိပ်တိုလောက်မှ သစ္စာမရှိဘူး ပျော်ပျော်နေသေခဲဆိုပေမယ့် မပျော်မရွှင် နေနေရတာတောင် ငါ့အသက်က မသေခဲဘူး။ အမှန်တရားဆိုတာကလည်း ချိုင်းထောက်လောက်မှ အားမကိုးရဘူး အဖေကျောင်းတက်နေသည် အမေစာကျက်နေသည် ညီလေးအလုပ်သွားသည် ညီမလေး ထမင်းချက်နေသည် သိပ္ပံပညာရှင်ဆိုတော့ ငါက အတွေးအခေါ်ကို ရေရောနေခဲ့တယ် ကမ္ဘာကြီးလုံးဝိုင်းနေသည်ဟု ပြော၏ မယ်သီတာခိုးတာ ဘယ်သူလည်း အခုထိ မသိသေး စိတ္တဇကဗျာဆရာ မိန်းမရပါပြီ မြောင်းထဲမှာ အမှိုက်များ ဆို့ပိတ်နေသည် မအိုဇာအတွက် ကွမ်းတစ်ယာလည်း ၀ယ်မပေးနိုင် မောင်ဖေငယ်လည်းသေပြီ ဗျတ္တလည်း ပန်းမဆက်နိုင်တော့ အရူးတစ်ယောက်လို့ ငါ့ကိုဘယ်သူပြောတာလဲ။ ဒီတစ်ခါ ထူးခြားတဲ့ပြောင်းလဲမှုကို ဦးတည်နိုင်ပမလား ဘ၀ကို နံရံဆီ ပစ်ပေါက်လိုက်တယ်။ ကိုယ်ယုံကြည်ရာ ဖက်တွယ်ခဲ့ပေမယ့် ၀ီထိအစဉ်မှာ အကုသိုလ်ဇောတွေပဲ စောနေခဲ့တယ် အိပ်မရတိုင်း တယောထထထိုးရတာ အရသာမရှိဘူး။ ကောင်းကင်ပြာတာ မဆန်းပေမယ့် အချိန်အခါမဟုတ် မိုးရာတာဆန်းတယ် ကောင်မလေးရေ….. မင်းမေးရိုးတွေ ခိုင်မာသေးမဟုတ်လား။ ဒီမှာ လှုပ်လေမြှပ်လေ ငြိမ်ငြိမ်နေလို့မရဘူး ဒီတော့ စိတ်အဆာမပြေတိုင်း တောက်ပဲ ခေါက်မိတယ်။

မောင်မင်းစိုး (အဆက်စပ်မဲ့ စကားလုံးအမှတ်စဉ် (၅)ကိုဖတ်ဖို့ Read more ကို ကလစ်ပါ)


အဆက်စပ်မဲ့ စကားလုံးများကို ထုဆစ်ခြင်း(၅)

အပုတ်နံ့တွေ ဝေစီနေတဲ့လမ်းထဲ ထပြန်သွားတော့ အိပ်မက်တွေ ကစဉ့်ကလျား အရေပျော်ကုန်တယ်။ ခန္ဓာကိုယ်က ရေဘယ်လောက်ချိုးချိုး အညှီနံ့မကင်းဘူး လူဆိုရင် လူစိတ်ရှိရမှာပေါ့ အခုတော့ လက်ဖျံရိုးတွေက ဟစ်တလာထက်မာကြောတယ် ဘာလင်တံတိုင်းကြီး ပြိုကျတဲ့နေ့က ကွဲကွာသွားတဲ့ကောင်းမလေးနဲ့ ပြန်ဆုံခဲ့သလိုမျိုး နေပျော်ပျော် သေပျော်ပျော် ဆိုပေမယ့် အခွင့်အခါဆိုတာကို မျှော်နေမိတယ် သစ္စာဆိုတာ အသစ်ကိုဆာလောင်နေတဲ့ လူတွေရဲ့ လက်ဝတ်ရတနာပဲ ဒီကောင် မပါးနပ်ပုံပြောပါတယ် ရင့်ကော့ပေး ရတယ်လို့ သေတတ်တယ်ဆိုတာ မတွေးမိဘူးလား။ မြို့ပြရဲ့ဆင်ခြေဖုံးမှာ အသက်တွေလုရှုရင်း အပျိုဖော်ဝင် ကောင်မလေးရဲ့ အလှနဲ့ ရှက်သွေးဖြာလို့ စကားဝါ မင်းဟာ အရွယ်ရောက်ခဲ့ပြီ။ တစ်တောဝင်တစ်တောထွက် တစ်တောင်တက်တစ်တောင်ဆင်း မုဆိုးတွေရဲ့ တောလိုက်မှုက မာယာများတယ်။ ရာဂနဲ့ဖာန်ဖီနေတဲ့ ကျားသစ်တွေ ယဉ်ယဉ်ကျေးကျေး ရူးသွပ်နေတဲ့ မြွေတွေ ကိုယ့်ဆန္ဒကို ကိုယ်တိုင်အရောင်တင်နေတဲ့လိပ်တွေ တဖွဲဖွဲရောက်လာကြ တဖွဲဖွဲပြန်သွားကြ စကားဝါမင်းဟာ အာရုံငါးပါးရဲ့ ဘုရင်မ။ ရှည်လျားနက်ပြောင်သော ဆံနွယ်စဆို အစီအရီဖီးချထားတဲ့ ကောင်တာကနတ်မိမယ် မြို့ပြယဉ်ကျေးမှုအောက် ပြားပြားမှောက်နေရတဲ့ အညာကျေးတောသူ ဟစ်ဟော့ပ်သီချင်းကို လိုက်လိုက်အော်နေတဲ့ ဆယ်ကျော်သက်အဖျော်ဆရာ သားပိုက်ကောင်လို မိခင်မေတ္တာအပြည့်နဲ့မာသာထရီဇာ အရာရာဟာ သေ၀ပ်လှပလို့ စကားဝါ မင်းဟာကမ္ဘာကြီးရဲ့ ဆွဲအားတစ်ခု လူ့အဖြစ်ရဲ့ ဂုဏ်သိက္ခာကို အန်ထုတ်နေတဲ့ငှက်တွေ မယားတကွဲ သားတကွဲမုဆိုးတွေ မိသားစု ၀မ်းရေးအတွက် အစရှာနေခဲ့တဲ့ ၀ံပုလွေတွေ တစ်ယောက်မျက်ရည် တစ်ယောက်သုတ်နေတဲ့ ပိုးဖလံတွေ ယောက်ျားဖြစ်ပြီး မာယာများတဲ့ကျီးတွေ တရားဓမ္မနဲ့ကင်းနေတဲ့ ယုန်တွေ တစ္ဆေတွေကိုခြောက်လှန့်ကြ ခွေးတွေလို မာန်ဖီကြ ခြင်္သေ့တွေကို ရဲရင့်ကြ ခိုတွေလို ငြီးညူကြ ကျားတွေလို ဟိန်းဟောက်ကြ အိမ်မြောင်တွေကို တွယ်ကပ်ကြ စကားဝါမင်းဟာ တိရိစ္ဆာန်ရုံကြီးလဲဖြစ်ခဲ့ပေါ့။ အညှီနံ့သင်းနေတဲ့ သားသတ်ရုံလို သားစိမ်းငါးစိမ်းတွေနဲ့ မင်းရဲ့နောက်ဘေးချောင်ဟာ မလှပဘူး။ အဲဒီလိုပဲ ငါတို့ရဲ့ အကုသိုလ်အညှီနံ့တွေက တစ်ဆိုင်လုံးသင်းနေခဲ့တယ် ငါတို့ရဲ့ အပူတွေက တစ်ဆိုင်လုံး လောင်ကျွမ်းစေခဲ့တယ်။ နေ့စဉ်ပွင့်အာနေတဲ့ အပြုံးပန်းတွေက လူ့ဘ၀ရဲ့ သရုပ်မှန်ပြဇာတ်လား မျက်လှည့်ဆရာရဲ့ပြကွက်လား ဒီမှာ အရောင်ရောက်အမှားမှား အကြည့်တွေနဲ့ ဂနာမငြိမ်ဘူး။ စကားဝါ မင်းဟာ မုဆိုးတွေရဲ့ ပစ်မှတ်။ စကားဝါမင်း ငါ့စိတ်တွေတည်ငြိမ်နေသလောက် မင်းစိတ်တွေ ယောက်ယက်ခတ် နေခဲ့တယ် မင်းစိတ်တွေငြိမ်းချမ်းနေသလောက် ငါ့စိတ်တွေ ပူလောင်နေခဲ့တယ် ငါကချစ်ခြင်းမေတ္တာကို တန်ဖိုးထားသလောက် မင်းက အရောက်တွေကိုဖက်တွယ်ခဲ့တယ်။ ဆားကျက်နေတဲ့ အိုးကင်းထဲက ပြောင်းဖူးစေ့လို့ အပူနဲ့ပက်ပင်းတိုးလို့ ငါ့စိတ်တွေ တဖျောက်ဖျောက် ထပေါက်ခဲ့တယ်။ စကားဝါမင်းဟာ ရုပ်ဝတ္ထုရဲ့ ကျေးကျွန်လား။ အဖြစ်သနစ်က ငါ့အိပ်မက်တွေ ဖွေးဖွေးလှုပ်ပြီး မင်းအကြည့်တွေ မည်းမှောင်နေခဲ့တယ် ငါ့အသံတွေချိုမြိန်ပြီး မင်းဝတ်ရည်တွေ ခါးသီးနေခဲ့တယ်။ ငါ့အတွေးတွေ တောင့်တင်းခိုင်မာပြီး မင်းခံယူချက်တွေ ပျော့ညံ့နေခဲ့တယ်။ မင်းအပြုံးက ငါသောက်နေတဲ့ လက်ဖက်ရည်လို ချိုမြလို့ မင်းအပြုမမူက ငါ့ရေပြားလို ပါးနပ်လို့ မင်းဖြစ်တည်မှုက ငါမှုတ်ထုတ်လိုက်တဲ့ စီးကရက်မီးခိုးတွေလို မှုန်ဝါးနေခဲ့တယ် သွေးရူးသွေးတန်း ငါ့စားကျက်မှာ စကားဝါ မင်းဟာ မြေဇာမြက်။ အမှောင်ရဲ့ စွမ်းအင်ကို ငါ့တို့ရင်ခုန်သံနဲ့ မီးမောင်းထိုးလို့ ၀င်္ကပါထဲ လမ်းသလားကြမယ်။ စကားဝါ ငါတို့ဆုံးဖြတ်ချက်တွေ တည်ငြိမ်လို့ တောင်အထပ်ထပ်ဖြတ်ကျော်ကြမယ် ငါ့တို့လက်တွေ သန်စွမ်းလို့ မြစ်အသွယ်သွယ် ကူးခတ်ကြမယ် စမ်းချောင်းအသွင် စီးဆင်းလို့ ငါ့တို့ဆည်းလည်းသံတွေ ချိုမြကြရအောင် ငါ့ရင်ဘတ်ကို အစာသွတ်လို့ ရင်ခုန်သံတွေ တူမျှလို့ အမှန်တရားကို ရှာဖွေလို့ ငါ့တို့ရက်ရက်စက်စက် မှားလိုက်ကြပြီး တည်တည်ငြိမ်ငြိမ် လက်ခံကြ စွန့်စွန့်စားစား ကျော်ဖြတ်ကြ လူ့ဘ၀ရဲ့ ခဏငယ်ကို အသက်သွင်းကြရအောင်။ “ စကားဝါ ငါခေါ်နေတယ် စကားဝါ ငါပြောနေတယ် “ မင်းရဲ့တုန့်ပြန်မှုက ပဲ့တင်ထပ်မလာဘူး။ အခု တောမကျွမ်းတဲ့ မုဆိုးတစ်ယော်လို ငါ့ဘ၀တွေ တောမှောက်ခဲ့ပြီ နားမကြားတဲ့ မျက်မမြင်တစ်ယောက်လို့ တွင်းနက်ထဲ ပြုတ်ကျခဲ့ပြီ ဒဏ်ရာရ ငှက်တစ်ကောက်လို ငါ့နှလုံးသားတွေ အသားမာတက်ခဲ့ပြီ အဘိဓမ္မာအကြောင်း နားမလည်တဲ့ သင်တန်းဆရာလို ငါ့သစ္စာတွေ မှားယွင်းခဲ့ပြီ။ စကားဝါ ငါနဲ့ငါ့ဖြစ်တည်မှုမှာ မင်းဟာ အဓိကကျတဲ့ အစိတ်ပိုင်းတစ်ခု မင်းပို့ချတဲ့ သင်တန်းမှာ နေ့စဉ်တက်ရောက်လို့ မင်းကျွေးတဲ့အစာမှာ အဆိပ်သင့်ခဲ့ပြီ။ စကားဝါ အရူးတစ်ပိုင်း ငါ့စိတ်တွေ သန်းခေါင်ယမ် ထထအော်ရင်း ငါဟာ အချစ်မှာ ဆေးစွဲခဲ့ပြီ စကားဝါ ငါဟာ အချစ်မှာ ဆေးစွဲခဲ့ပြီ။ ။

မောင်မင်းစိုး

No comments: