Wednesday, August 15, 2012

လူငယ်နှင့် နိုင်ငံရေး အခင်းအကျင်း(၂)

လူငယ်နှင့် နိုင်ငံရေး အခင်းအကျင်း(၂)
ခေါင်းဆောင်မှု ရှာပုံတော်

““မင်းတို့ပင့်လာတဲ့ ဘုရားတွေကို ကြည့်လည်း လုပ်ကြဦးကွာ၊
တိုင်းပြည်မှာ လူတွေကို သိပ်ညှဉ်းဆဲကုန်ပြီ”” (ဆရာကြီး သခင်ကိုယ်တော်မှိုင်း)
ဖြစ်နိုင်တာတွေ ဆန်းစစ်ကြည့်ဖို့ ဦးစွာတိုက်တွန်းလိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာတွေ ဟာ မထင်မှတ်တဲ့ လှည့်ကွက်ကနေ ရှောင်လွှဲသွားတတ်ပြီး ကိုယ်ထင်သလို ဖြစ်မလာတတ်လို့ပါပဲ။ အရေးကြီးဆုံးကတော့ ဖြစ်နိုင်တာ ဆန်းစစ်ဖို့အတွက် ဖြစ်နိုင်ချေကို အရင်ဦးစားပေး ဆန်းစစ်ကြည့်ရပါ့မယ်။ သေချာတာတစ်ခုကတော့ ဒီလိုဆန်းစစ် တဲ့အခါမှာ ခေါင်းဆောင်ကောင်းတစ်ယောက်ရဖို့ဟာလည်း သိပ်ပြီးအရေးကြီးပါတယ်။ အရေးကြီးတာထက် မရှိမဖြစ် ခေါင်းဆောင် ကောင်းတစ်ယောက်ကို တင်မြှောက်နိုင်ဖို့ လိုပါတယ်။ ဒါမှသာလျင် ဆက်လက်ချီတက်နေရမယ့် ဒီမိုကရေစီ ခရီးကြမ်းကြီးမှာ အောင်အောင်မြင်မြင်နဲ့ လူသားအခွင့်အရေးတွေကို ရရှိပိုင်ဆိုင်နိုင်ပြီး ခေတ်မီတဲ့ နိုင်ငံတော်ကြီးဆီကို အချိန်နှင့်အမျှ အရှိန်အဟုန် ပြင်းပြင်းနဲ့ ဆက်လက်ချီတက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်မှု ရှာပုံတော်ကြီးကို ဖွင့်ဖို့လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုက ဘယ်လိုအသင်းအဖွဲ့အစည်းမျိုးမဆို ခေါင်းဆောင်ကောင်းဆိုတာ အင်မတန်မှ လိုအပ်သလို အသင်းကြီးရဲ့ အောင်မြင်မှု၊ ဆုတ်ယုတ်မှု ဆိုတာတွေကိုလည်း ခေါင်းဆောင်ကောင်းရဲ့ ခေါင်းဆောင်ညွှန်ကြားမှုနဲ့အတူ တိုင်းတာကာ ရဲရဲတင်းတင်း လျှောက်လှမ်းနိုင်ပါလိမ့် မယ်။
ဒီတော့ ခေါင်းဆောင်ကောင်းမရွေးမှားဖို့ အရေးကြီးလာပြီပေါ့။ ခေါင်းဆောင်ဆိုတဲ့အတိုင်းပဲ အမှန်တကယ်ခေါင်းဆောင် နိုင်တဲ့အရည်အချင်းတွေနဲ့ ပြည့်စုံစေဖို့တော့ လိုလိမ့်မယ်ပေါ့။ ခေါင်းဆောင်ဆိုတာ စူးစမ်းမှုရှိရမယ်၊ ဆင်ခြင်ဉာဏ်ရှိရမယ်။ ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့ ချရဲရမယ်။ ပြတ်ပြတ်သားသားရှိရမယ်။ နောက်လိုက်တွေအတွက်လည်း တကယ့်ကို စံပြအဖြစ် ကိုယ်ကျင့် သိက်္ခာကအစ ပြည့်စုံကောင်းမွန်နေဖို့ လိုပါတယ်။ ဘာကိုမှ မလေ့လာဘဲ ဆုံးဖြတ်ချက်ကို လွယ်လွယ်မချဖို့လည်း လိုပါလိမ့်မယ်။ဆင်ခြင်တုံတရား ကင်းမဲ့ပြီး ငါခေါင်းဆောင်ပဲဆိုတဲ့အထာနဲ့ လုပ်ချင်တာကို ဇွတ်အတင်း မပြုလုပ်ဖို့ လိုပါလိမ့်မယ်။ မပွင့်လင်းရင် မပြတ်သားရင်တော့ အမှားတွေများစွာ ဖြစ်ပေါ်ပါလိမ့်မယ်။
မင်းတုန်းမင်းကြီးရဲ့ နောင်တနဲ့ ငြီးတွားဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ ““လူကိုခွေးသတ်လေခြင်း””တဲ့ ဒါကိုတော့ ဘယ်သူတွေ ဘာပြောပြော မိမိအနေနဲ့ လုံးဝလက်ခံနိုင်တဲ့ စကားတစ်ခွန်း မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအဖြစ်အပျက်ဟာ တကယ်တော့ သူရဲ့ မပြတ်သားမှု၊ မပွင့်လင်းမှုကြောင့် ဖြစ်သွားရတာပါ။ ဖြစ်ပုံက ဒီလိုပါ။ မင်းတုန်းမင်းကြီးအနေနဲ့ မြို့ဝန်ဦးသာအိုး ကို ကနောင်မင်းသား ကျဆုံးမှုဟာ ဘာမှမဆိုင်တဲ့ ဦးပုညရဲ့ အခါပေးမှု အားနည်းချက်၊ ပျော့ကွက်လို့ သဘောထားပြီး သူ့ကို ဆုံးမစေဖို့ တာဝန်ပေးလိုက်ပါတယ်။ ဒါကို ဘာမှနားမလည်တဲ့ မြို့ဝန်ဦးသာအိုးက အနည်းငယ် မှတ်လောက်အောင် ဆုံးမခိုင်းတာ ကို အစတုံးပြီး ဖျောက်ဖျက်ပစ်လိုက်ပါတော့တယ်။ ဒီတော့မှ မင်းတုန်းမင်းက သိသွားပြီး မချင့်မရဲဖြစ်ကာ ““လူကိုခွေးသတ်လေခြင်း”” ဆိုပြီး ငြီးတွားခဲ့တာပါ။ တကယ့်တော့ ဒါဟာ သူရဲ့ မပြတ်သားမှုကြောင့် ဖြစ်သွားရတဲ့ အဖြစ်အပျက်ပါ။ ဆုံးမခိုင်းတာဟာ ဘယ်လိုလေး မှတ်သားသွားအောင် လုပ်ဆိုတဲ့ စေခိုင်းခြင်းမဟုတ်ဘဲ ဆုံးမလိုက်ပေါ့ဆိုတဲ့ သာမညစကားလေးနဲ့ ပြောဆိုစေခိုင်း လိုက်တာဆိုတော့ ဘယ်တုန်းကတည်းက မုန်းနေမှန်းမသိတဲ့ ဦးသာအိုးရဲ့ လက်ချက်နဲ့ ပညာရှိ စာဆိုတော်ကြီး ဦးပုညဟာ ဘာမှမဟုတ်ဘဲ အသက်ပေးလိုက်ရတယ်။ ဒါဟာ တကယ်တော့ မိမိအမြင်တော့ ဦးသာအိုးရဲ့ အပြစ်လို့ မထင်ပါဘူး။ ဆင်ခြင်ဉာဏ် မဲ့မှု၊ မပြတ်သားမှု၊ မပွင့်လင်းနဲ့ စေခိုင်းခဲ့တဲ့ မင်းတုန်းမင်းရဲ့ အပြစ်လို့ပဲ ထင်မြင်မိပါတယ်။
အဲဒီလိုပဲ မပြတ်သားမှု၊ မပွင့်လင်းမှု၊ ဆင်ခြင်ဉာဏ်မဲ့မှုကြောင့် ၁၉၁၉ခုနှစ်က မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ ဆရာသင်ဆိုတာလည်း ငမိုးဆိုတဲ့ လူမိုက်တစ်ယောက်ရဲ့ သတ်ဖြတ်မှုကြောင့် သေသွားရတာပါပဲ။ ဒါဟာလည်း တကယ်တမ်းကျတော့ ပညာ့အလင်းဦးတင်ရဲ့ စေခိုင်းမှုကြောင့် ဖြစ်ရတာပါပဲ။ သူ့အနေနဲ့ ဒီအမှုမှာ ပြစ်မှုမထင်ရှားလို့ဆိုပြီး ထောင်ဒဏ်ကနေ ခဏလေးလွတ်မြောက်သွားခဲ့ပေမယ့် ဒါဟာ တကယ်တော့ သူ့ရဲ့ မရိုးသားတဲ့ စေခိုင်းမှုမှာ မပြတ်သားမှု၊ မပွင့်လင်းမှုကြောင့် လူတော်တစ်ယောက် ဆုံးရှုံးသွားခဲ့ရတာပါ။
ဒီတော့ လူငယ်တွေအနေနဲ့ ကိုယ်တိုင်ခေါင်းဆောင်မှုကို မလုပ်နိုင်သေးဘူးဆိုရင်တော့ ခေါင်းဆောင်လုပ်တဲ့သူကို မိမိဘာသာ ရွေးခြယ်ရတဲ့အခါ အဲဒီလို မပြတ်သားတဲ့ မပွင့်လင်းတဲ့ ခေါင်းဆောင်မျိုးကိုတော့ ဝေးဝေးက ရှောင်ပြီး တကယ့် ခေါင်းဆောင်နိုင်တဲ့လူကို ရွေးခြယ်ပြီး တင်မြှောက်နိုင်ဖို့ လိုအပ်ပါတယ်။ ခေါင်းဆောင်ဆိုတဲ့အတိုင်း အပြောနဲ့အလုပ်လည်း တစ်ထပ်တည်းကျအောင် လုပ်နိုင်တဲ့လူမျိုးဖြစ်ဖို့ လိုပါတယ်။ အကောင်အထည်မပေါ်ခင်တော့ ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ်ပေးမယ် ပေါ့။ တကယ်လည်းအကောင်အထည်ပေါ်သွားပြီးဆိုတော့မှ ကိုယ်နဲ့မဆိုင်သလို လုပ်တတ်တဲ့ လူမျိုးတွေကိုလည်း တွေ့ဖူးပါလိမ့် မယ်။ အဲဒီလို ပုဂ်္ဂိုလ်မျိုးကိုတော့ အခုကတည်းက ဝေးဝေးကနေ ရှောင်ထွက်သွားပြီး ခေါင်းဆောင်မတင်မိဖို့ လိုအပ်ပါလိမ့်မယ်။ ခေါင်းဆောင်ဆိုတာ အပြောနဲ့အလုပ် တစ်ထပ်တည်းကျအောင် ဖန်တီးတည်ဆောက်နိုင်ဖို့လည်း လိုတယ်ဆိုတာ မမေ့ပါနဲ့။ ဒီနေရာမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့အဖြစ်အပျက်လေးတစ်ခုလောက် ကြုံတုန်းပြောပြချင်သေးတယ်။ ဒါလေးကို မပြောပြခင် ခေါင်းဆောင်အတင်မှားခဲ့တဲ့ အဇာတသတ်ရဲ့ဖြစ်အင်လေးကိုလည်း အမှတ်ရမိလိမ့်မယ်ထင်ပါတယ်။ တကယ်တော့ အဇာတသတ်ဟာ ဒေ၀ဒတ်ဆိုတဲ့ သူကို ခေါင်းဆောင်တင်တာ မဟာအမှားကြီးတစ်ခုဖြစ်ပါတယ်။ တကယ်လို့ သူဟာခေါင်းဆောင်အတင်မမှားဘဲ ဖခင်ဖြစ်သူကို မသတ်ခဲ့ဘူး ဆိုရင် ဒီလိုနောင်တတွေကနေ ကင်းစင်ပြီး ဘုရားရှင်ဟောတော်မူတဲ့ သာမညဖလသုတ်တရားတော်ကို နာယူအပြီးမှာ သောတာပန်ဖြစ်ပြီး ဘ၀အာမခံချက် ရသွားနိုင်သူ ဖြစ်ပါတယ်။ ဒါပေမယ့် ငါသည် သောတာပန်ဖြစ်တဲ့ အဖေကိုမှ သတ်မိလေခြင်းဆိုတဲ့ နောင်တတရားရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရပြီး တရားထူးကနေ လက်လွှတ်လိုက်ပါတယ်။ အခုဆိုရင်တော့ ငရဲမှာ သူရှိနေပါတယ်။ ဒါဟာလည်း ခေါင်းဆောင်အတင်မှားမှုရဲ့ ဒဏ်ရာဒဏ်ချက် ထိုးနှက်ချက်ဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်အတင် မမှားဖို့ အရမ်း အရေးကြီးလှပါတယ်။
အသောကဘုရင်ဆိုတာ သူ့ခေတ်သူ့ခါတုန်းကတော့ အင်မတန်မှ သြဇာအာဏာရှိသူဖြစ်ပါတယ်။ သာသနာတော်ကို အလွန်မှပဲ ကြည်ညိုလေးစားတဲ့ မင်းတစ်ပါးလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ မပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ စေခိုင်းမှုကြောင့် ရဟန်းပေါင်းများစွာ အသက်တွေဆုံးရှုံးသွားခဲ့ရပါတယ်။ အဖြစ်အပျက်လေး အနည်းငယ်ကို ပြောရမယ်ဆိုရင်တော့ အဲဒီခေတ်က တိတ်္ထိတွေအနေနဲ့ အကျင့်မမှန်တော့ လာဘ်လာဘတွေလည်း အလိုလိုကျဆုံးသွားခဲ့တော့။ ဒီတော့ သူတို့အနေနဲ့ ကိုယ့်ဘ၀ ရပ်တည်နိုင်ဖို့ အစားအသောက်လေးကိုပင် ဖူလုံမှုမပြည့်ဝကြတော့ဘူး။ ဒါကြောင့် သူတို့ဟာ ဘုန်းကံကြီးမားပြီး လာဘ်လာဘ ပေါများတဲ့ ရဟန်းတော်များရဲ့ အသွင်သဏ္ဍာန်တွေကို ခိုးဝတ်ကြပြီး သာသနာတော်မှာ ထဲထဲဝင်ဝင်ဖြစ်ဖို့ မသမာတဲ့နည်းတွေနဲ့ သုံးဖို့ ကြိုးစားလာကြတယ်။ ဒါကို ရဟန်းအစစ်တွေက သိတယ်။ ဒီတော့ သူတို့အနေနဲ့ ကိုယ်တိုင်သင်္ကန်းခိုးဝတ်လာပြီး သာသနာတော်ထဲကို ၀င်ရောက်ကာ အတုအယောင်အဖြစ်နဲ့ ရဟန်းအစစ်များနဲ့အတူ သိမ်ဝင်မှုဆိုတာတွေ မသိမသာလုပ်လာ ကြတယ်။ ဒါကြောင့် ဒီအဖြစ်အပျက်ကို သိတော်မူတဲ့ ရဟန်းတော်တွေကို ဒီရဟန်းအတုတွေနဲ့ အတူတကွ ဥပုသ်ပြုတာတို့၊ သိမ်ဝင်တာတို့ကို မပြုလုပ်လိုကြဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်အုပ်စု သူ့အုပ်စုအနေနဲ့ သန့်ရှင်းတဲ့ရဟန်းတော်များဟာ အခြားအရပ်တွေကို ခွဲထွက်သွားတဲ့အထိ ဖြစ်လာတော့တယ်။ ဒါကို မင်းကြီးသိအောင် ကြားလျှောက်ကြတာပေါ့။ မင်းကြီးအနေနဲ့ သာသနာတော်ကို ကြည်ညိုသူပီပီ ရဟန်းတော်များအနေနဲ့ ရဟန်းအလုပ်ကို လုပ်ဆောင်ကြရန် ဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းကို လည်း အသာအယာ ငြိမ်းအေးစေပြီး ခါတိုင်း ပြုနေကြ၀တ်တွေကို ပြုလုပ်စေဖို့ အမတ်တစ်ယောက်ကို စေခိုင်းလိုက်တယ်။ သူ့စေခိုင်းချက်ကတော့ ““ကျောင်းတော်ကို သွားပြီး အဓိကရုဏ်းကို ငြိမ်းအေးစေပြီး ဥပုသ်ပြုကြဖို့ သွားလုပ်””ဆိုပြီး စေခိုင်းချက် ပါ။ ဒါကိုတော့ စေခိုင်းခံရတဲ့ အမတ်အနေနဲ့လည်း မတင်မကျဖြစ်နေတယ်။ ဘယ်လို လုပ်ရမှာလဲ၊ ဘယ်လို ကိုင်တွယ်ရမှာလဲ၊ ဆိုတဲ့ ဆုံးဖြတ်ချက်ကို မချနိုင်ဘဲ ဖြစ်နေတော့ ဒီတော့ အခြားအမတ်တွေကို မေးမြန်းပြီး လုပ်ရတော့တာပေါ့။ ဒီတော့ မဖြစ်သင့်တာတွေ ဖြစ်ပေါ်သွားခဲ့ရတယ်။
ရဟန်းတွေကို အတင်းအကျပ်ဆိုသလို ဥပုသ်ပြုဖို့ စေခိုင်းတယ်။ စေခိုင်းတဲ့အတိုင်း မလိုက်နာရင်တော့ အစတုံးတဲ့အထိ သတ်ဖြတ်မှုတွေကို လက်ရဲဇက်ရဲ လွန်ကျူးနေတော့တယ်။ နောက်ဆုံး မင်းကြီးရဲ့ ဆွေမျိုးသားချင်းထဲက ရဟန်းတစ်ပါးကို သတ်ဖြတ်ဖို့အလှည့် ရောက်လာတော့ ဒီအမတ်အနေနဲ့ ရှေးကရဟန်းတွေကို အလွယ်တကူ သတ်ဖြတ်မှု မလုပ်ရဲတော့ဘူး။ ဒီတော့မှ မင်းကြီးကို သွားပြီးတိုင်ပင်။ မင်းကြီးကလည်း ဒီအခြေအနေရောက်တော့မှ မခိုင်းတာတွေကို လက်ရဲဇက်ရဲ သတ်ဖြတ် တာတွေကို သိပြီး နောင်တတွေရ၊ သူ့မှာ ဒီလိုစေခိုင်းတဲ့အတွက် အပြစ်ရှိသလား၊ မရှိဘူးလားဆိုတာတွေကို လက်ပြီးလျှောက် ထားတော့တယ်။ တကယ်တော့ ဒါဟာလည်း မင်းကြီးရဲ့ မပွင့်လင်းတဲ့၊ မပြတ်သားတဲ့ စေခိုင်းချက်တွေကြောင့် မဖြစ်သင့်တာတွေ ဖြစ်ပေါ်ရတာပါ။ မြန်မာ့သမိုင်းမှာလည်း မင်းအဆက်ဆက်ကနေ ဒီလို မပြတ်သားမှု၊ မပွင့်လင်းမှုဆိုတဲ့ ခေါင်းဆောင်မပီသတဲ့ လုပ်ရပ်တွေ ဖြစ်ခဲ့ဖူးတာတွေ ရှိခဲ့ပါတယ်။ ဒါမျိုးတွေကို မဖြစ်စေဖို့ဆိုတာ တိကျတဲ့၊ ပြတ်သားတဲ့၊ ပွင့်လင်းတဲ့ ဆုံးဖြတ်ချက် ခိုင်မာအောင် ချနိုင်တဲ့ ခေါင်းဆောင်များကို ခေါင်းဆောင်တင်နိုင်ဖို့ ရွေးခြယ်တတ်ဖို့ လိုပါတယ်။ ဒီလိုမဟုတ်ရင်တော့ သေချာ တယ် ဆက်လက်ပြီး အထက်ပေါ်ကလို မဖြစ်သင့်တာတွေ ဖြစ်ပေါ်ဦးမှာပါပဲ။
ခေါင်းဆောင်သူများရဲ့ အရည်အချင်းတွေကတော့ စံအဖြစ်သတ်မှတ်ကြတာ တော်တော်များပါတယ်။ ဘယ်စံနဲ့ သတ်မှတ်တာက ကောင်းသလဲဆိုတာကိုတော့ မိမိတို့ဘာသာ ဆုံးဖြတ်နိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒီနေရာမှာတော့ ခေါင်း ဆောင်တစ်ယောက်ရဲ့ မပြတ်သားမှု၊ မပွင့်လင်းမှုကို အဓိကထားပြီး ပြောပြလိုတဲ့အတွက် စံတွေကိုတော့ ထုတ်ဖော်ပြီးတော့ မပြောလိုတော့ပါ။ ဒါကြောင့် လူငယ်တွေဆိုတာ အနာဂတ်ကို ပိုင်ဆိုင်တဲ့လူများဖြစ်သလို အနာဂတ်မှာလည်း ဒီလိုခေါင်းဆောင် မှုဆိုတာတွေကို လက်လွှဲပြီးတာဝန်ယူကြရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ငယ်ရွယ်တဲ့အချိန်မှာလည်း မိမိတို့ရဲ့ ခေါင်းဆောင်ကို ရွေးခြယ်မမှားအောင်နဲ့ သူ့ရဲ့လမ်းစဉ်များကို ဆက်လက်ပြီး လက်ကမ်းသယ်ဆောင်သွားနိုင်အောင် အရေးကြီးပါတယ်။ နောက် ဒီနေရာမှာလည်း ဘယ်လိုပုဂ်္ဂိုလ်မျိုးဆိုတဲ့ ခေါင်းဆောင်သူကိုတော့ ဥပမာအနေနဲ့ မထုတ်ဖော်လိုပေ။ မိမိဘာသာ ရွေးခြယ်ပြီး တကယ့်ကို လူသားအကျိုးပြု လုပ်ငန်းများကို စွမ်းစွမ်းတမံ ထမ်းရွက်နိုင်တဲ့ လူသားဆန်ပြီး လူပီသတဲ့၊ အမျှော်အမြင်ရှိတဲ့၊ တတ်သိပညာရှင်မျိုးကိုတော့ ရွေးခြယ်နိုင်ဖို့ တိုက်တွန်းချင်ပါတယ်။
နောက်ဆုံးအနေနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအနေနဲ့ ဗိုလ်ချုပ်အောင်ကို ပြောတဲ့ စကားလေးတစ်လုံးကို လက်ဆောင် ပေးလိုပါတယ်။ ဖက်ဆစ်ဂျပန်တွေနဲ့ ပူပေါင်းတဲ့ပြီး အင်္ဂလိပ်ကို တိုက်ထုတ်ဖို့အရေးအတွက် ခေါ်လာတဲ့ ဂျပန်တွေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။ ဒါကတော့ စကားလေးကိုပဲ သဘောကျလို့ ပြန်လည်ဖောက်သည် ချလိုက်ခြင်းလည်းဖြစ်ပါတယ်။ ““မင်းတို့ပင့်လာတဲ့ ဘုရားတွေကို ကြည့်လည်းလုပ်ကြဦးကွာ၊ တိုင်းပြည်မှာ လူတွေကို သိပ်ညှဉ်းဆဲကုန်ပြီ ””
မောင်မင်းစိုး

No comments: